Search on this blog

Search on this blog

cognitive psychology

ဦးနှောက်ရဲ့ အလုပ်လုပ်ပုံကို လေ့လာခြင်းက စိတ်ပညာကို နားလည်ရာမှာ အထောက်အကူပြုပါတယ်။ ဒါကို ဘာသာရပ်တခုအနေနဲ့ အသေးစိတ်လေ့လာတာကတော့ သိမြင်မှုဆိုင်ရာ စိတ်ပညာရပ် (Cognitive Psychology) ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် Cognitive Psychology ဟာ လူတစ်ယောက်ရဲ့  အတွေး၊ မှတ်ဉာဏ်နဲ့ သင်ယူမှု စတာတွေကို လေ့လာခြင်းအားဖြင့် လူတွေက သူတို့ရဲ့ အတွေ့အကြုံတွေကို ဘယ်လို လက်ခံလဲ၊ ဘယ်လိုမျိုး ဆုံးဖြတ်ချက်တွေ ချမှတ်ပြီး ဘဝကို ဖြတ်သန်းလဲ ဆိုတာကို လေ့လာတဲ့ ဘာသာရပ်တခု ဖြစ်ပါတယ်။ 

ဦးနှောက်နဲ့ စိတ်ပညာဆက်စပ်ပုံ 

လူသားတွေရဲ့ ဦးနှောက်ဟာ အံ့သြဖွယ်ကောင်းလောက်အောင် အစွမ်းထက်တဲ့ အစိတ်အပိုင်းတခု ဖြစ်ပါတယ်။ ဦးနှောက်ရဲ့ အကူအညီနဲ့ သင်ယူနိုင်မယ် ၊ မြင်နိုင်ပြီး မှတ်နိုင်မယ်၊ ကြားနိုင်မယ်၊ လက်ခံနိုင်မယ် ၊ ဘာသာစကားတွေကို နားလည်နိုင်မယ် ၊ ဖန်တီးနိုင်မယ်၊ ဒီလို မျိုး လုပ်ဆောင်နိုင်စွမ်း မြင့်မားတဲ့ ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေက ခံစားချက်တွေနဲ့လည်း ဆက်စပ်နေတာကို တွေ့ရပါတယ်။ ဦးနှောက်ရဲ့ အစိတ်အပိုင်းတချို့ဖြစ်တဲ့ Amygdala နဲ့ အရှေ့ပိုင်း prefrontal cortex အပိုင်းဟာ စိတ်ခံစားချက်တွေကို ထိန်းညှိနိုင်သလို အာရုံစူးစိုက်ခြင်း၊  ဆုံးဖြတ်ချက်ချတဲ့ အပိုင်းနဲ့ မှတ်သားနိုင်ခြင်း အပိုင်းတွေကိုပါ လွှမ်းမိုးသက်ရောက်နေပါတယ်။ 

Cognitive Psychology မှာ အရေးပါတဲ့ အချက်အလက်များ 

(၁) Attention (အာရုံစူးစိုက်မှု) 

လူတွေက ကိုယ့်မျက်စိရှေ့မှာ မြင်တဲ့အရာတိုင်း၊ ကြားတဲ့အရာတိုင်း၊ ထိတွေ့မိတဲ့ ခံစားချက်တိုင်းကို အာရုံစိုက်တာ မဟုတ်ပဲ သူတို့ မြင်လို၊ ကြားလိုပြီး သာယာလိုတဲ့ အရာတွေကိုသာ အာရုံစူးစိုက်မှု ပိုထားလေ့ရှိပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အသေးစိတ်လေ့လာခြင်းက Cognitive Psychology ရဲ့ အစိတ်အပိုင်းတခု ဖြစ်ပါတယ်။ 

(၂) မှတ်သားခြင်း (Memory) 

ရှိသမျှ အကြောင်းအရာအားလုံးကို မှတ်မိနေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် မမေ့မလျော့နဲ့ ဦးနှောက်ထဲမှာ သိမ်းဆည်းထားဖို့ဆိုတာ တခါတရံမှာ စိတ်ခံစားချက်နဲ့ နဲ့ ယှဥ်တွဲပြီး မှတ်သားဖို့လိုတာလည်း ရှိပါတယ်။ ဒါကို အသုံးချပြီး သင်ယူလေ့လာခြင်းတွေမှာ အသုံးချခြင်းကလည်း Cognitive Psychology ကို အသုံးပြုခြင်း ဖြစ်ပါတယ်။ 

(၃) သင်ကြားခြင်း (Learning) 

အကြောင်းအရာတခုကို သင်ကြားတဲ့အခါမှာ စွဲမြဲစွာ မှတ်မိနေဖို့အတွက်နဲ့ လိုအပ်တဲ့ အချိန်ပြန်လည် အသုံးချနိုင်ဖို့အတွက် ဆိုရင် အသုံးပြုသင့်တဲ့ နည်းလမ်းတချို့ ရှိပါတယ်။ ဒီနည်းလမ်းတွေထဲက တချို့က Cognitive Psychology ကို အခြေခံထားတာ ဖြစ်ပါတယ်။ 

(၄) စဥ်းစားတွေးခေါ်မှုအပိုင်း (Thinking) 

အဖြစ်အပျက်တခု၊ အကြောင်းအရာတခုကို လူတစ်ဦးတစ်ယောက်က ဘယ်လို လက်ခံတယ် ၊ ခံယူတယ်ဆိုတာနဲ့ ဘယ်လိုဆုံးဖြတ်ချက်နဲ့ ပြဿနာကို ဖြေရှင်းတယ်ဆိုတာက လူတိုင်းအတွက် မတူညီနိုင်ပါဘူး။ ဒီလို ဆုံးဖြတ်မှုနဲ့ တွေးခေါ်မှုအပိုင်းတွေကို ပိုမိုကောင်းမွန်လာစေဖို့အတွက် စိတ်ပညာရှင်တွေဟာ Cognitive Psychology ကို အသုံးချကြပါတယ်။

Cognitive Psychology ရဲ့ အသုံးဝင်ပုံ 

ဦးနှောက်ရဲ့ အလုပ်လုပ်ပုံတွေက စိတ်ခံစားချက်တွေနဲ့ ချိတ်ဆက်မှု ရှိတယ်ဆိုတာကို လေ့လာတွေ့ ရှိပြီးနောက်မှာ Cognitive Psychologist တွေဟာ ဒီနှစ်ခုအားဖြင့် ဆက်စပ်နေတဲ့ တချို့ရောဂါတွေကို ကုသနိုင်ဖို့ လေ့လာခဲ့ကြပါတယ်။ အထူးသဖြင့် Alzheimer’s disease လိုမျိုး သတိမေ့ရောဂါတွေ၊ စကားပြောဆိုခြင်းနဲ့ သက်ဆိုင်တဲ့ ချို့ယွင်းမှုရောဂါတွေ၊ မှတ်ဉာဏ်ဆုံးရှုံးခြင်းနဲ့ ခံစားသိမြင်မှု ဆုံးရှုံးတဲ့ အခြေအနေတွေမှာ စိတ်ပညာကို အသုံးပြုပြီး ကုသကြပါတယ်။ 

ဒါတင်မကပဲ သင်ကြားရေးအပိုင်းက ပညာရှင်တွေ၊ သိပ္ပံပညာရှင်တွေ၊ ဒီဇိုင်းရေးဆွဲသူ ပညာရှင်တွေကစလို့ နယ်ပယ်အသီးသီးကလည်း ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာနဲ့ တီထွင်ဖန်တီးနိုင်စွမ်း၊ မှတ်သားနိုင်စွမ်းတွေကို စိတ်ပညာနဲ့ ဆက်စပ်ပြီး လေ့လာ အသုံးချခဲ့ကြပါတယ်။ ဒါ့ကြောင့် သင်ယူမှုတွေ ပိုမို ထိရောက်အောင်မြင်စေဖို့၊ လုပ်ငန်းတွေ ပိုမို တိုးတက်အောင်မြင်စေဖို့အတွက်လည်း သိမြင်မှုဆိုင်ရာ စိတ်ပညာ (Cognitive Psychology) က အရေးပါတာကို တွေ့ရပါတယ်။ 

သိမြင်မှုဆိုင်ရာ စိတ်ပညာ (Cognitive Psychology) ဘာသာရပ်ဟာ လူတွေရဲ့ အတွေးအခေါ်၊ သင်ယူမှု၊ မှတ်ဉာဏ်နဲ့ ဆုံးဖြတ်ချက်တွေကို ပိုကောင်းမွန်စေဖို့ အရေးပါတဲ့ စိတ်ပညာဆိုင်ရာ ဘာသာရပ်တခု ဖြစ်ပါတယ်။ Call Me Today မှာဆိုရင် Cognitive Psychology အပါအဝင် တခြားသော စိတ်ပညာရပ်တွေကို တတ်ကျွမ်းနားလည်တဲ့ ပညာရှင်တွေ ရှိတာကြောင့် သင့်အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေခံစားနေရတယ်ဆိုရင် Call Me Today မှတဆင့် ကျွမ်းကျင် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။

Leave a Reply

Your email address will not be published. Required fields are marked *