ကျွန်တော်တို့ ချစ်ရသူတွေနဲ့ ဝေးကွာရပြီဆိုရင် ဘယ်လောက်ပဲ မခံစားတတ်တဲ့သူဖြစ်နေပါစေ၊ စိတ်ထဲမှာ ဝမ်းနည်းပူဆွေးတဲ့ ခံစားချက်တွေ ဖြစ်နေမှာပါ။ ဒီခံစားချက်တွေဟာ ကိုယ့်ချစ်သူအပေါ် ဘယ်လောက်ထိ ချစ်ခဲ့လဲ၊ တွဲတာ ဘယ်လောက်ကြာခဲ့လဲ၊ ဘာအကြောင်းကြောင့် ဝေးကွာခဲ့ရတာလဲ၊ တွဲနေတဲ့ကြားထဲမှာ ကိုယ်ဘယ်လောက်ထိ ပျော်ရွှင်ခဲ့လဲ၊ ကိုယ့်ရဲ့ ငယ်ဘဝစိတ်ဒဏ်ရာ စတာတွေပေါ်မူတည်ပြီး လပိုင်းကနေ နှစ်ပိုင်းလောက်ထိ ကြာနိုင်ပါတယ်။ ဒီလိုကာလမှာ ပူဆွေးသောက ရောက်တဲ့ခံစားချက်တွေကို အဆင့် (၅) ဆင့် သတ်မှတ်ထားပြီး လူတိုင်းက ဒီ ၅ ဆင့်လုံးကို ဖြတ်ကျော်ပြီးမှ စိတ်ဒဏ်ရာတွေ အနည်ထိုင်သွားနိုင်လိမ့်မယ်လို့ ဆိုထားကြပါတယ်။
ပူဆွေးသောကရောက်ခြင်း အဆင့် (၅) ဆင့်
၁။ အဖြစ်မှန်ကို ငြင်းဆန်ခြင်း
ငါချစ်တဲ့သူနဲ့ ဝေးသွားတာမဟုတ်ဘူး၊ ခဏလေး အနားမှာမရှိတာပါ၊ အချိန်တန်ရင် သူငါ့ဆီ ပြန်လာမှာပါပဲဆိုတာမျိုး၊ သူနဲ့ဝေးလိုက်လို့ ငါဘာမှမခံစားမိဘူး၊ အေးဆေးပဲ ပိုတောင်ပျော်သေးတယ်၊ အိပ်လိုက်စားလိုက်လုပ်ရင် သူနဲ့ဝေးတာကို သတိတောင် ရမိမှာမဟုတ်ပါဘူးဆိုပြီး ကိုယ့်စိတ်ကို ငြင်းဆန်ရင်း အဖြစ်မှန်ကို ဖုံးကွယ်လိုက်တာပါ။ ဒါဟာ ပူဆွေးသောကရောက်ခြင်းရဲ့ ပထမဆုံးအဆင့်ဖြစ်ပြီး ဆုံးရှုံးမှုရဲ့ နောက်ဆက်တွဲနာကျင်မှုကို လျော့နည်းစေဖို့ မသိစိတ်က ဖန်တီးလိုက်တဲ့ တွေးခေါ်မှုပုံစံပဲ ဖြစ်ပါတယ်။
၂။ ဒေါသထွက်ခြင်း
ကိုယ်ချစ်ရသူနဲ့ ဝေးကွာပြီးနောက်မှာ သူငါနဲ့တွဲတုန်းက ငါ့ကို ဘယ်လိုဂရုမစိုက်ခဲ့ကြောင်း၊ ပစ်ထားခဲ့ကြောင်း၊ ငါ့မေတ္တာတွေကို လျစ်လျူရှုခဲ့ကြောင်း၊ သူ့ဘက်က လစ်ဟာခဲ့တဲ့အရာတွေကို ပြန်တွေးရင်း ဒီလူနဲ့ ဝေးသွားရတာ ပိုတောင်ကောင်းသေးတယ်ဆိုပြီး ကိုယ့်စိတ်ကို လိမ်ညာလိုက်တဲ့ အဆင့်ပါ။ ဒီအဆင့်ကတော့ ကိုယ့်ရဲ့ မသိစိတ်က ကိုယ့်ရဲ့စိတ်ထဲမှာဖြစ်နေတဲ့ ကြောက်ရွံ့ခြင်း၊ အားငယ်ခြင်း၊ ဝမ်းနည်းခြင်း၊ အထီးကျန်ခြင်းတွေကို ဖုံးကွယ်ဖို့အတွက် သိစိတ်ထဲမှာရှိနေခဲ့တဲ့ အရာတွေကို ပုံဖော်တွေးရင်း စိတ်သက်သာရာရအောင် ပြုလုပ်ခြင်းဖြစ်ပါတယ်။
၃။ နောင်တရမိခြင်း
ဘဝမှာ ကျွန်တော်တို့ အလွန်ချစ်ပါလျက်နဲ့ အမြဲရန်ဖြစ်၊ ကတောက်ကဆဖြစ်နေရတဲ့သူတွေ ရှိကောင်းရှိမှာပါ။ အထူးသဖြင့် ရှေးလူကြီးမိဘတွေနဲ့ ဒီဘက်ခေတ် လူငယ်တွေပေါ့ဗျာ။ ကြားထဲမှာ ချစ်ခြင်းမေတ္တာသံယောဇဉ်တွေတော့ ရှိကြတယ်၊ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် ကြီးပြင်းလာတဲ့ ခေတ်ကာလ၊ တွေးခေါ်မှုပုံစံတွေက ဆန့်ကျင်ဘက်ဖြစ်နေတဲ့အခါ နားလည်ပေးနိုင်မှုတွေ နည်းသွားပြီး အမြဲတကျက်ကျက် ရန်ဖြစ်ပြီး ကိုယ့်စိတ်ထဲမှာ မရှိတဲ့ နာကျင်စရာစကားတွေ ပြောမိလိုက်တာမျိုးပေါ့။ ဒါတွေအားလုံးဟာ ချစ်ရသူတစ်ဦး ကိုယ့်ဘေးကနေ ထာဝရပျောက်ဆုံးသွားတဲ့အခါမျိုးမှာ ကိုယ်သူ့ကို ပြောမိလိုက်တဲ့၊ အော်ဟစ်မိလိုက်တဲ့၊ ရန်ဖြစ်ခဲ့တဲ့ အချိန်တွေ၊ အခိုက်အတန့်တွေအားလုံးကို ပြန်တွေးမိပြီး ငါဒါတွေ မလုပ်ခဲ့မိရင် ဘယ်လောက်ကောင်းလိုက်မလဲလို့ နောင်တရဝမ်းနည်းတဲ့ အဆင့်ပါပဲ။
၄။ စိတ်ဓာတ်ကျခြင်း
ချစ်ရသူကို ဆုံးရှုံးလိုက်ရလို့ အဖြစ်မှန်ကို ငြင်းဆန်ခဲ့ပြီးပြီ၊ အမျက်ဒေါသတွေလည်း ထွက်ပြီးပြီ၊ နောင်တလည်း ရပြီးပြီဆိုရင် နောက်ထပ်လာမယ့်အဆင့်ကတော့ စိတ်ဓာတ်ကျတာပါပဲ။ ငါသိပ်ချစ်ရပေတဲ့ လူတစ်ယောက် ငါ့အနားမှာမရှိတော့ဘူးဆိုတဲ့ လက်ရှိကို မျက်ဝါးထင်ထင် ရင်ဆိုင်ရပြီး ဒီအဖြစ်မှန်ကို လက်မခံချင်လည်း လက်ခံလိုက်ရတဲ့အချိန်ဟာ စိတ်ဓာတ်ဟာ အောက်ဆုံးအဆင့်ထိ ထိုးကျသွားနိုင်ပါတယ်။
၅။ လက်သင့်ခံခြင်း
အချိန်ကာလတစ်ခုကြာအောင် စိတ်ဓာတ်ကျ၊ ဝမ်းနည်းကြေကွဲအပြီးနောက်မှာ အဖြစ်မှန်တွေအားလုံးကို လက်သင့်ခံနိုင်ပြီး ကိုယ့်စိတ်ရဲ့ ငြိမ်းချမ်းမှုကို ပြန်ရှာတွေ့သွားတဲ့ အဆင့်ပါ။ ဒီအဆင့်မှာလည်း ဝမ်းနည်းမှုတွေ၊ နောင်တတွေ ကျန်ကောင်းကျန်နေနိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်စိတ်ကို ဒုက္ခပေးတဲ့အခြေအနေမှာမရှိတော့ဘဲ လက်ရှိကို အမှန်အတိုင်းလက်ခံပြီး ရှေ့ဆက်ကျန်ရှိသေးတဲ့ ကိုယ့်ဘဝကို ချစ်ရသူကို ရင်ထဲထည့်ထားပြီး ဖြတ်ကျော်သွားရတော့မယ်လို့ ဆုံးဖြတ်ချက်ချလိုက်တဲ့ အဆင့်ပါ။
ကိုယ်အနေနဲ့ ပူဆွေးသောကရောက်တဲ့အချိန်ကြာမြင့်လာသည့်အခါ ကိုယ့်ရဲ့နေ့စဥ်လုပ်ငန်းဆောင်တာတွေကို ပြီးမြောက်ဖို့ခက်ခဲလာတဲ့အခါ Online Counseling ယူပြီး နှစ်သိမ့်ဆွေးနွေးခြင်းက အကောင်းဖက်ကိုဦးတည်တဲ့ ရလဒ်ကို ရလာနိုင်ဖို့အထောက်အကူဖြစ်ပါတယ်။ အဲ့ဒီအတွက် Call Me Today ရဲ့ Online Counseling ကနေတဆင့် များစွာသော Counselors များမှ ရွေးချယ်နိုင်ပါပြီ။
🌐 : https://app.callmetoday.org/book
☎️: 09-5131873