
ဒေါသကြီးတတ်တဲ့ မိတ်ဆွေတစ်ယောက် သင့်မှာ ရှိနေတယ်၊ anger issue ရှိနေတဲ့ မိတ်ဆွေတစ်ယောက် သင့်မှာ ရှိနေတယ်၊ ဒေါသကို ထိန်းချုပ်ရခက်တာကြောင့် သူ့ရဲ့ ဘဝမှာ အဆင်မပြေမှုတွေ ကြုံနေရတယ်ဆိုရင် သင့်အနေနဲ့ ဖေးမ ကူညီပေးဖို့ လိုပါတယ်။ တခါတရံမှာ ဒေါသကို ထိန်းချုပ်ဖို့အတွက် အနီးအနားက တစုံတယောက်ရဲ့ ဂရုစိုက်ကူညီမှုက များစွာ အထောက်အကူပြုတာကြောင့် နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။
(၁) စိတ်ရှည်စွာ နားထောင်ပေးပါ
ဒေါသကို လျော့ပါးသက်သာအောင် ကူညီပေးမယ့် နည်းလမ်းတွေထဲမှာ ရင်ဖွင့်ပြောဆိုခြင်းကလည်း တခုအပါအဝင်ဖြစ်ပါတယ်။ သင့် မိတ်ဆွေ အနေနဲ့ ဒေါသဖြစ်ရတဲ့ အကြောင်းအရင်းနဲ့ ရင်တွင်း ခံစားချက် မျှဝေလိုတဲ့ အချိန်တွေမှာ သင်က အနားမှာ စိတ်ရှည်သည်းခံစွာ နားထောင်ပေးခြင်းကလည်း ထိရောက်တဲ့ နှစ်သိမ့်ခြင်း တမျိုး ဖြစ်ပါတယ်။
(၂) ကိုယ်ပိုင်လွတ်လပ်ခွင့် ပေးပါ
တခါတရံ ဒေါသဖြစ်နေချိန်မှာ ကာယကံရှင်ကို ပြန်လည် စဉ်းစားတွေးခေါ်ဖို့ သီးသန့် နေရာနဲ့ အချိန် ပေးဖို့လည်း လိုအပ်ပါသေးတယ်။ သူ့အနေနဲ့ ခံစားချက်တွေကို ကိုယ်တိုင် ပြန်လည် သုံးသပ်ဖို့လိုသလို၊ ဒေါသဖြစ်ရတဲ့ အကြောင်းရင်းကိုလည်း ကိုယ်တိုင် ရှာဖွေရမှာ ဖြစ်ပါတယ်။ self awareness ကောင်းစေဖို့ journaling ပြုလုပ်တာ၊ Mindfulness လေ့ကျင့်တာတွေအတွက်လည်း နေရာတခု ပေးသင့်တာကြောင့် အခြေအနေအရ တဦးတည်း အချိန်ကုန်ဆုံးဖို့လည်း ကူညီပေးသင့်ပါတယ်။
(၃) စိတ်အပြောင်းအလဲဖြစ်အောင် ကူညီပါ
ဒေါသကနေ နောက်ဆက်တွဲပြဿနာတွေအဖြစ် မပြောင်းလဲနိုင်စေဖို့ နည်းလမ်းတစ်ခုကတော့ လက်ရှိ စိတ်အခြေအနေကို ပြောင်းလဲစေမယ့် တစုံတခုကို ပြုလုပ်ပေးတာပဲ ဖြစ်ပါတယ်။ ဥပမာအားဖြင့် အတူတူစကားစမြည် ပြောဆိုပေးတာ၊ ဟာသအကြောင်းအရာတွေ ပြောတာ၊ စိတ်ကို ဖြေလျော့စေမယ့် လေ့ကျင့်ခန်းတွေ ပြုလုပ်တာ၊ သဘာဝနဲ့ ထိတွေ့ပေးတာ စတာတွေ ပြုလုပ်ပေးနိုင်ပါတယ်။
(၄) ဒေါသကို ပိုမဆိုးစေအောင် ထိန်းပေးပါ
သင့်မိတ်ဆွေရဲ့ ဒေါသကို ပိုဆိုးစေမယ့် အရာတွေကို သိရှိပြီး ကြိုတင်ကာကွယ်ခြင်းကလည်း လိုအပ်တဲ့ နည်းလမ်းတခု ဖြစ်ပါတယ်။ ဥပမာအားဖြင့် ဒေါသကြောင့် စိတ်တိုနေချိန်မှာ အနားမှာ ထိခိုက်စေမယ့် လက်နက်တွေကို ဖယ်ရှားထားသင့်ပါတယ်။ ဒါတင်မကပဲ ဒေါသကို ပိုဆိုးစေမယ့် အပြုအမူနဲ့ စကားတွေကိုလည်း အတတ်နိုင်ဆုံး ရှောင်ရှားဖို့ အရေးကြီးပါတယ်။
(၅) အကူအညီတချို့ ချိတ်ဆက်ပေးပါ
သင့်မိတ်ဆွေအနေနဲ့ ဒေါသကြောင့် မကြာခဏဆိုသလို အမှားကျုးလွန််မိတယ်၊ ဒေါသရဲ့ နောက်ဆက်တွဲ ပြဿနာတွေကြောင့် စိတ်ရှုပ်ထွေးနေတယ်ဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ အားဖြင့် ကူညီပေးနိုင်တဲ့ ပညာရှင်နဲ့ သေချာ တိုင်ပင်ဆွေးနွေးတာက အကောင်းဆုံး နည်းလမ်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီလို အချိန်မှာ စိတ်ပိုင်းဆိုင်ရာ ပညာရှင်၊ အဖွဲ့အစည်း၊ ဝန်ဆောင်မှု တချို့နဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်ပေးသင့်ပါတယ်။
နေ့စဉ်ဘဝမှာ ဒေါသဖြစ်စရာ ကိစ္စရပ်၊ အကြောင်းအရာတွေ များစွာ ရှိသလို ရုတ်တရက် ဒေါသကို ထိန်းချုပ်ဖို့ ခက်ခဲတဲ့ အခြေအနေလည်း များစွာ ရှိပါတယ်။ ဒီလို အခြေအနေမှာ မိတ်ဆွေ၊ သူငယ်ချင်းရဲ့ ဖေးမ ကူညီမှုကလည်း အထိုက်အလျောက် လိုအပ်တာဖြစ်လို့ အသုံးဝင်မယ့် နည်းလမ်းတွေကို မျှဝေပေးလိုက်ရပါတယ်။
တကယ်လို့ သင့်အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေခံစားနေရတယ်ဆိုရင် Call Me Today မှတဆင့် ကျွမ်းကျင် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။
🌐 : https://app.callmetoday.org/book
☎️: 09-5131873