
စိုးရိမ်မှုဆိုတာ လူတိုင်းမှာ ရှိတတ်ကြပေမယ့် တခါတရံမှာ ရုတ်တရက် ကြောက်စိတ်ပေါ်လာတာ၊ စိုးရိမ်စိတ် ပြင်းထန်တာကြောင့် စိုးရိမ်ပူပန််မှုကို မထိန်းချုပ်နိုင်ခြင်း ကိုတော့ Anxiety Attack လို့ ပြောပါတယ်။ စိုးရိမ်ဖွယ်ရာ အခြေအနေတခုခုကြောင့်လည်း Anxiety Attack ရနိုင်သလို တခါတရံ ထူးခြားတဲ့ လှုံ့ဆော်မှု မရှိပေမယ့် ကြောက်ရွံ့ထိတ်လန့်ခြင်းကို ခံစားရတာလည်း ရှိပါတယ်။
Anxiety Attack ရဲ့ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများ
စိုးရိမ်ပူပန်မှုကို ခံစားရချိန်မှာ ခန္ဓာကိုယ်တွင်း ဇီဝကမ္မပြောင်းလဲမှု များစွာ ဖြစ်ပေါ်လာပြီး Adrenaline ဟော်မုန်းထွက်တာကို အားပေးတာကြောင့် နှလုံးခုန်နှုန်းကို မြန်တာ၊ အသက်ရှုပြင်းထန်မှုတာ၊ အသက်ရှုမဝတာတွေ ခံစားရနိုင်ပါတယ်။ ဒါ့အပြင် စိုးရိမ်ပူပန်မှုကို ခံစားရတဲ့အခါ ခန္ဓာကိုယ်မှာ ချွေးထွက်စေတဲ့ ဂလင်းတချို့ကို အလုပ်ပိုလုပ်စေတာကြောင့် လက်ဖဝါးများ ၊ မျက်နှာနဲ့ ခြေထောက်တွေမှာ ချွေးစေးပြန်တာတွေ ဖြစ်နိုင်ပါတယ်။
တခြားသော လက္ခဏာတွေအနေနဲ့ တစ်ကိုယ်လုံး တုန်ရီလာတာ၊ မူးဝေတာတွေကိုလည်း ခံစားရပါတယ်။
Anxiety Attack ရဲ့ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုများ
Anxiety Attack ကို ခံစားရချိန်မှာ နောက်ဆက်တွဲအနေနဲ့ လိုတာထက်ပိုပြီး အကြောက်လွန်တာ၊ ကြောက်စိတ်ကြောင့် ကောင်းကျိုး ဆင်ခြင်နိုင်စွမ်း လျော့နည်းလာပြီး
လက်ရှိအခြေအနေနဲ့ ကင်းကွာသွားတာ စတာတွေ ဖြစ်နိုင်တဲ့အပြင် လက်ရှိ ခံစားချက်တွေကို ထိန်းချုပ်ရခက်ခဲတာတွေ ဖြစ်နိုင်ပါတယ်။ ဒီလို Anxiety attack ကြောင့် ကြုံတွေ့ရတဲ့ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေ ဟာ Anxiety Attack ခံစားရခြင်း ပျောက်ကင်းသွားသည့်တိုင်အောင် ကျန်ရှိနေပြီး အချိန်ကြာကြာ ဆက်လက် ခံစားရနိုင်ပါတယ်။
Anxiety Attack ရဲ့ လက္ခဏာများကို ထိန်းချုပ်နည်း
တစုံတခုကြောင့် ပြင်းထန်တဲ့ စိတ်ပူပန်မှုကို ခံစားရချိန်မှာ စိတ်ကို အေးဆေးတည်ငြိမ်စေမယ့် အကောင်းဆုံး နည်းလမ်းကတော့ အသက်ရှု လေ့ကျင့်ခန်း ဖြစ်ပါတယ်။ အသက်ရှုလေ့ကျင့်ခန်းကို ဖြေးဖြေးမှန်မှန်နဲ့ ရှုပေးခြင်းက စိုးရိမ်ပူပန်မှုတွေကို အတိုင်းအတာတခုအထိ သက်သာသွားနိုင်မှာ ဖြစ်ပါတယ်။ နောက်ထပ် နည်းလမ်းတခုကတော့ အပြုသဘောဆောင်တဲ့ စကားတွေ၊ အတွေးတွေနဲ့ ကိုယ့်ကိုကိုယ် အားပေးခြင်းဖြစ်ပါတယ်။ လက်ရှိကြုံနေရတဲ့ စိုးရိမ်ပူပန်မှုတွေဟာ မကြာခင် ပြီးဆုံးသွားမှာ ဖြစ်ကြောင်း၊ စိတ်ပူပန်နေမယ့်အစား တည်ငြိမ်စွာ စဉ်းစားပြီး ပြဿနာကို ဖြေရှင်းရမည် ဖြစ်ကြောင်း စသဖြင့် ကိုယ့်ကိုကိုယ် အားပေးခြင်းအားဖြင့် ပူပန်မှုတွေကို ဖြေဖျောက်ဖို့ လိုပါတယ်။
Anxiety attack မကြာခဏ ခံစားနေရတယ်ဆိုရင် ကာကွယ်နိုင်မယ့် နည်းလမ်းများ
(၁) Mindfulness ကို လေ့ကျင့်ပါ
Mindfulness ကို ပုံမှန်လေ့ကျင့်ခြင်းအားဖြင့် စိတ်ကို တည်ငြိမ်စေပြီး လက်ရှိအနေအထားနဲ့ ကိုယ့်ရဲ့ ခံစားချက်တွေကို သတိပြုမိခြင်း (Self-awareness) ကို အားကောင်းစေပါတယ်။ ဒါဟာ စိတ်ပူပန်မှုတွေကို လျော့ပါးသက်သာစေတဲ့ နည်းလမ်းတွေထဲက ထိရောက်တဲ့ နည်းဖြစ်ပါတယ်။ Mindfulness ကို ပုံမှန် လေ့ကျင့်ထားတဲ့ သူတစ်ယောက်ဟာ Anxiety Attack တွေကို ခံနိုင်ရည်ပိုကောင်းသလို ကောင်းမွန်စွာ ကျော်လွှားနိုင်စွမ်း ပိုမြင့်လာနိုင် ပါတယ်။
(၂) ကျန်းမာတဲ့ လူမှုဘဝမှာ နေထိုင်ပါ
ခန္ဓာကိုယ်နဲ့ စိတ်ဟာ ဆက်စပ်နေတယ်လို့ ပြောလို့ရတာကြောင့် ပုံမှန် ကိုယ်လက်လှုပ်ရှား ပြုလုပ်ခြင်းက ခန္ဓာကိုယ်ကိုရော စိတ်ကိုပါ ကျန်းမာစေပြီး စိတ်ဖိစီးမှုကို သိသိသာသာ လျော့ကျစေနိုင်ပါတယ်။ လေ့ကျင့်ခန်း ပြုလုပ်ခြင်းက အိပ်စက်ချိန်ကိုလည်း ပုံမှန်ဖြစ်စေပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုကိုလည်း ပိုတက်စေနိုင်တာကြောင့် ကိုယ်လက်လှုပ်ရှား ပုံမှန်လုပ်ပေးဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် သင့်တင်မျှတတဲ့ အစားအစာတွေ စားပေးတာ၊ လုံလောက်စွာ အိပ်စက်အနားယူတာတွေလည်း ပြုလုပ်ပေးဖို့ လိုပါတယ်။
(၃) စိတ်ကျန်းမာရေး အကူအညီ ယူပါ
တကယ်လို့ သင့်ရဲ့ စိတ်ပူပန်ခြင်းတွေက နေ့စဉ်ဘဝမှာ သက်ရောက်မှု ရှိနေမယ်၊ ထိန်းချုပ်ရခက်ခဲနေမယ်၊ ရက်သတ္တပတ် အတန်ကြာတဲ့အထိ ခံစားနေရမယ်ဆိုရင်တော့ စနစ်တကျ ဖြေရှင်းဖို့ လိုအပ်နေပြီလို့ ပြောနိုင်ပါတယ်။ ဒီလို အခြေအနေမှာ လိုအပ်ပါက စိတ်ကျန်းမာရေး အကူအညီ ရယူဖို့ကို မတွန့်ဆုတ်သင့်ပါဘူး။ သင့်ရဲ့ စိတ်ကျန်းမာရေးကို အကူအညီပေးနိုင်မယ့် တစုံတယောက် ဒါမှမဟုတ် ပညာရှင်တစ်ယောက်နဲ့ ချိတ်ဆက်ဖို့ အရေးကြီးပါတယ်။
သင့်အနေနဲ့ စိတ်ပူပန်မှုဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေခံစားနေရတယ်ဆိုရင် Call Me Today မှတဆင့် ကျွမ်းကျင် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။
🌐 : https://app.callmetoday.org/book
☎️: 09-5131873