
သင့်ရဲ့ မိသားစုဝင်၊ သူငယ်ချင်း မိတ်ဆွေနဲ့ ချစ်ခင်ရသူ တစ်ယောက်ယောက်မှာ စိတ်ပူပန်မှု ပြဿနာကို တချိန်မဟုတ် တချိန် ခံစားရနိုင်ပြီး ဒီအချိန်မှာ သင့်ဘက်က ဘာတွေ ကူညီပေးနိုင်မလဲ၊ ဒါမှမဟုတ် စိတ်ပူပန်မှု ပြဿနာ ကြုံတွေ့နေရသူ တစုံတယောက်ကို ခရီးသွားဟန်လွှဲ ကြုံတွေ့ရတယ်ဆိုရင် ထိုသူအတွက် စိတ်ပူပန်မှုတွေ သက်သာစေဖို့ ဘယ်လိုနည်းလမ်းတွေနဲ့ နှစ်သိမ့်ပေးနိုင်မလဲဆိုတာကို မျှဝေပေးချင်ပါတယ်။
(၁) ဖိအားမပေးပါနဲ့
စိတ်ပူပန်မှုကြောင့် အမူအရာပျက်ပြီး လက္ခဏာတွေခံစားနေရသူကို ဖိအားပေးပြီး ခံစားချက်တွေကို အတင်းမေးမြန်းတာတွေ၊ အပြိုင်ငြင်းဆန်တာတွေ မလုပ်သင့်ပါဘူး။ အရေးကြီးတာက သူတို့အတွက် သက်တောင့်သက်သာ ဖြစ်တဲ့ အနေအထားတခုမှာ အတူတူ နားထောင်ပေးပြီး နှစ်သိမ့်ပေးဖို့ အရေးကြီးပါတယ်။ တဖက်လူဘက်က ပြောပြဖို့ အဆင့်သင့်မဖြစ်သေးခင်မှာ ဖိအားပေးပြီး မေးမြန်းတာ၊ ရင်ဖွင့်ခိုင်းတာတွေဟာ စိတ်ပူပန်မှုတွေကို ပိုဆိုးစေနိုင်ပါတယ်။
(၂) နားလည်ပေးဖို့ ကြိုးစားပါ
ကိုယ်မဟုတ်တဲ့ တခြားသူတစ်ယောက်ရဲ့ ခံစားချက်တွေကို ထပ်တူ နားလည်ပေးဖို့ ဆိုတာ မလွယ်ကူပါဘူး။ ဒီအခြေအနေ ပြဿနာတခုက ကိုယ့်အတွက် ဘာမှမဟုတ်ပေမယ့် တခြား တစ်ယောက်အတွက်တော့ ပြင်းထန်တဲ့ စိတ်ပူပန်စရာ ပြဿနာဖြစ်နေနိုင်ပါတယ်။ ဥပမာ ကိုယ်ကအမြင့်ကို တက်ရတာ စိတ်လှုပ်ရှားလို့ သဘောကျပေမယ့် တစ်ဖက်လူက အမြင့်တက်ဖို့ အလွန်ကြောက်တတ်တဲ့ ခံစားချက်ရှိသူလည်း ဖြစ်နိုင်ပါတယ်။ ဒီလို အခြေအနေမှာ တဖက်လူကို စာနာနားလည်ပေးပြီး ဖေးမတာက သူ့ရဲ့ စိတ်ပူပန်မှုအတွက် သက်သာစေနိုင်မှာ ဖြစ်ပါတယ်။
(၃) သင်ဘာကူညီပေးရမလဲ မေးပါ
Anxiety Attack ကြောင့် ကာယကံရှင်ကိုယ်တိုင်က ထူပူပြီး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေချိန်မှာ ကူညီပေးမယ့်သူကိုယ်တိုင်ကလည်း ဘာလုပ်ရမှန်းမသိ ဖြစ်တတ်ပါတယ်။ ဒီလို အခြေအနေမှာဆိုရင် သင့်အနေနဲ့ ကာယကံရှင်ကို သင်ဘာလုပ်ပေးရမလဲ၊ ဘာကူညီပေးရမလဲ စသဖြင့် မေးမြန်းပြီး လိုအပ်တာကို ထိထိရောက်ရောက်နဲ့ ကူညီပေးတာဟာ သူ့အတွက် စိတ်ပူပန်မှုတွေကို အတိုင်းအတာတခုအထိ သက်သာစေမှာ ဖြစ်ပါတယ်။
(၄) အတူရှိနေပေးပါ
ကြောက်ရွံစိတ်၊ စိုးရိမ်ပူပန်မှုတွေကို အထိတ်တလန့် ခံစားနေရချိန်မှာ အနားမှာ တစုံတယောက်ရှိနေတယ်ဆိုတဲ့ ခံစားချက်ကလည်း စိတ်သက်သာရာရစေဖို့ ကူညီပေးနိုင်ပါတယ်။ စိုးရိမ်ပူပန်နေသူ အနားမှာ ရှိနေပေးတာ၊ ဖြေးဖြေးညှင်သာစွာ အားပေးစကားတွေကို ပြောပေးတာ၊ ကိုယ်ရှိနေတာကြောင့် မကြောက်ဖို့ စကားနဲ့ နှစ်သိမ့်တာတွေဟာလည်း စိုးရိမ်ပူပန်မှုတွေအတွက် ထိရောက်တဲ့ ကူညီမှုတွေ ဖြစ်ပါတယ်။
(၅) ကူညီနိုင်မယ့် အထောက်အပံ့တွေကို ညွှန်းပေးပါ
တခါတရံ သင်ကိုယ်တိုင်က Anxiety Attack ရနေသူကို ကူညီဖို့ရာ အခက်အခဲရှိနေတယ်၊ ဒါမှမဟုတ် နည်းလမ်းရှာမရဖြစ်နေတယ်ဆိုရင် သူ့အတွက် အထောက်အပံ့ဖြစ်စေမယ့် တစုံတယောက်ကို ညွှန်းပေးတာ၊ ချိတ်ဆက်ပေးတာတွေ လုပ်ပေးလို့ ရပါတယ်။ ဥပမာ စိုးရိမ်ပူပန်မှုကြောင့် အသက်ရှုရခက်တာ၊ နှလုံးခုန်မြန်တာ၊ မူးလဲတာ တွေအတွက် ဆေးရုံဆေးခန်းကို ပို့ဆောင်ပေးတာမျိုး၊ စိတ်ပိုင်းဆိုင်ရာ သက်သာစေဖို့ နှစ်သိမ့်ဆွေးနွေးနိုင်မယ့် စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူနဲ့ ချိတ်ဆက်ပေးတာမျိုးကို ပြုလုပ်ပေးနိုင်ပါတယ်။
စိုးရိမ်ပူပန်မှု ပြဿနာ (Anxiety Attack) ကို ပြင်းပြင်းထန်ထန် ခံစားရခြင်းအတွက် အချိန်မှီ ကုသဖြေရှင်းဖို့ လိုအပ်သလို တခါတရံမှာ နောက်ဆက်တွဲ အနေနဲ့ ဆိုးရွားတဲ့ ပြဿနာတွေ ကြုံနိုင်တာကြောင့် အနားမှာ ရှိတဲ့ တစုံတယောက်ရဲ့ ကူညီဖေးမမှုတွေ မဖြစ်မနေ လိုအပ်ပါတယ်။ ဒီလို ပြဿနာတွေ ရှိနေတဲ့ သူတစ်ယောက်ယောက် သင့်အနားမှာ ရှိနေတယ်ဆိုရင် အခုပြောခဲ့တဲ့ နည်းလမ်းတွေက အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။
သင့်အနေနဲ့ စိတ်ပူပန်မှုဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေခံစားနေရတယ်ဆိုရင် Call Me Today မှတဆင့် ကျွမ်းကျင် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။
🌐 : https://app.callmetoday.org/book
☎️: 09-5131873