
လူတိုင်းမှာ ကိုယ်ပိုင် လူမှုအသိုင်းအဝန်း တခု ရှိသလို ဒီအသိုင်းအဝန်းထဲမှာ လူဝင်ဆံ့အောင် ကြိုးစားလိုစိတ်က အများစုမှာ ရှိကြပါတယ်။ အထူးသဖြင့် ကိုယ်လုပ်တဲ့ အပြုအမူ၊ ကိုယ့်ရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ လုပ်ရပ်တွေကို တခြားသူတွေဘက်က အသိအမှတ်ပြုတာ၊ အားပေးတာ၊ ချီးကျုး ဂုဏ်ပြုတာတွေကို လိုလား တောင့်တလေ့ ရှိကြပါတယ်။ ဒါပေမယ့် လိုတာထက်ပိုပြီး တခြားသူတွေရဲ့ အသိအမှတ်ပြုမှုကို လိုချင်တယ်၊ အမြဲလိုလို ကိုယ့်ရဲ့ လုပ်ရပ်တွေကနေ တခြားသူတွေကို သက်သေပြဖို့ ကြိုးစားမိနေတယ် ဆိုရင် ရေရှည်မှာ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာမှာ သက်ရောက်မှု များစွာ ရှိလာနိုင်ပါတယ်။
တခြားသူတွေဆီက အသိအမှတ်ပြုခံရအောင် ကြိုးစားမိနေတဲ့ လက္ခဏာများ
(၁) တပါးသူရဲ့ ထင်မြင်ယူဆမှုတွေကို အမြဲလိုလို မေးနေခြင်း
အကြံဉာဏ်တောင်းခံတာနဲ့ အထင်အမြင်တွေကို မျှဝေတာက ကောင်းတဲ့အချက်တခု ဆိုပေမယ့် သင်ရဲ့ အပြုအမူလုပ်ရပ်တိုင်းအတွက် တခြားသူတွေဆီကနေ သူတို့ရဲ့ ထင်မြင်ယူဆချက်တွေကို မေးမြန်းဖြစ်နေတယ် ၊ သိလိုစိတ် ပြင်းပြနေတယ် ဆိုရင်တော့ ဒါဟာ ကိုယ့်ရဲ့ လုပ်ရပ်ကို သက်သေပြဖို့ ကြိုးစားနေတဲ့ လက္ခဏာ လို့ ပြောနိုင်ပါတယ်။ ဥပမာအားဖြင့် ‘ကျွန်တော်လုပ်လိုက်တာ ကောင်းတယ်မှတ်လား’ ၊ ‘ကျွန်တော် ဒီလို လုပ်လိုက်တာကို ခင်ဗျားအနေနဲ့ ဘယ်လို ထင်သလဲ’ စတဲ့ မေးခွန်းတွေကို အမြဲလိုလို မေးဖြစ်တယ်ဆိုရင်တော့ ပြန်ဆန်းစစ်ဖို့ လိုနေပြီ ဖြစ်ပါတယ်။
(၂) အမြင်ကွဲလွဲမှာကို ကြောက်ရွံ့ခြင်း
ကိုယ့်ရဲ့ ရွေးချယ်မှု ၊ အထင်အမြင်နဲ့ လုပ်ရပ်တွေ အပေါ်မှာ တခြားသူတွေက သဘောမကျမှာ၊ အမြင်ကွဲလွဲပြီး ကိုယ့်ကို တမျိုးမြင်မှာ၊ လက်မခံတာကြောင့် ကိုယ့်နဲ့ ရေရှည် ဆက်ဆံရေး အဆင်မပြေမှာ စတာတွေကို ကြောက်ရွံ့နေတယ်၊ ဒီလို ကြောက်စိတ်တွေကြောင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ခံစားနေရတယ်၊ သင့်အမှားမဟုတ်ရင်တောင် တဖက်သူ အမြင်စောင်းမှာကြောက်စိတ်နဲ့ တောင်းပန်ခယနေတယ် ဆိုရင်လည်း သင်ဟာ တပါးသူရဲ့ အထင်အမြင်နဲ့ အသိအမှတ်ပြုမှုကို စွဲလမ်းနေသူ တစ်ဦး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
(၃) ငြင်းပယ်ရမှာကို တွန့်ဆုတ် ခြင်း
တခါတရံမှာ ကိုယ့်ရဲ့ လုပ်ရပ်က မှန်ကန်တယ်၊ ကိုယ့်ရဲ့ အပြုအမူမှာ ကောင်းမွန်တဲ့ ရည်ရွယ်ချက် ရှိတယ် ဒါပေမယ့် တဖက်လူက ဒါကို လက်မခံတာ ၊ ကိုယ်နဲ့ တဖက်လူရဲ့ အမြင်တွေက ဆန့်ကျင်ဘက် အနေအထား ရှိနေတာတွေ ကြုံရလေ့ ရှိပါတယ်။ ဒီလို အခြေအနေမှာ ဒါကို ငြင်းဆန်နိုင်စွမ်း မရှိတာ၊ တဖက်သူရဲ့ အငြင်းကို ပြန်လည် ချေပဖို့ တွန့်ဆုတ်တာ၊ ကိုယ့်အပေါ် မကောင်းမြင်မှာ ကြောက်တဲ့ စိတ်နဲ့ ငြိမ်ခံဖြစ်နေတယ်ဆိုရင် ဒါဟာလည်း တပါးသူရဲ့ အသိအမှတ် ပြုခံမှုကို ရဖို့အတွက် ကြိုးပမ်းခြင်း တမျိုး ဖြစ်ပါတယ်။
(၄) တခြားသူနဲ့ နှိုင်းယှဥ်လွန်းခြင်း
ကိုယ့်ရဲ့ လုပ်ရပ် အပြုအမူတွေကို တခြားသူတွေရဲ့ လုပ်ရပ် အပြုအမူတွေနဲ့ အမြဲလိုလို နှိုင်းယှဥ်တာဟာ တဖက်မှာတော့ ကိုယ့်အတွက် တိုးတက်လာနိုင်ချေ ရှိတယ်ဆိုပေမယ့် တိုင်းတာပုံချင်း၊ တန်ဖိုးထားပုံခြင်း ကွဲပြားမှုတွေ ရှိတဲ့ တချို့သော ကိစ္စတွေမှာတော့ ဒီလို နှိုင်းယှဥ်တာက စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။
(၅) တခြားသူက အသိအမှတ် ပြုခံရမှ ပြည့်စုံတယ်လို့ ယူဆခြင်း
တချို့ကလည်း ကိုယ့်ရဲ့ လုပ်ရပ် အပြုအမူတွေကို တခြားသူတစ်ယောက်ရဲ့ ချီးကျုး ထောပနာ ပြုခြင်းနဲ့ အကဲဖြတ်ကြလေ့ ရှိပါတယ်။ ဥပမာအားဖြင့် တခြားသူတစ်ဦးက ကိုယ့်ကို တော်တယ်၊ လုပ်နိုင်တယ် လို့ ချီးကျုးလိုက်တဲ့အခါမှသာ ကိုယ့်ရဲ့ ယုံကြည်မှုတွေက မြင့်တက်လာပြီး ဒီလို ချီးကျုးစကားတွေကို မကြားရတဲ့အခါမှာတော့ ကိုယ့်မှာ လိုအပ်ချက်တွေ ရှိတယ်လို့ အလိုလို ထင်မြင် ယူဆမိတာမျိုး ဖြစ်ပါတယ်။
ကိုယ့်အကြောင်း တခြားသူတွေကို သက်သေပြဖို့ ကြိုးစားမိနေခြင်းကို ရပ်တန့်နိုင်မယ့် နည်းလမ်းများ
(၁) Self-awareness ကောင်းအောင် လေ့ကျင့်ပါ
ငါ အခုလို လုပ်နေတာတွေက ငါ့အတွက်လား ၊ တခြားသူတွေ အသိအမှတ်ပြုဖို့ ကြိုးစားမိနေတာလား စသဖြင့် မေးခွန်းတွေ မေးပြီး ကိုယ့်ကိုကိုယ် Self-awareness မြှင့်တင်ဖို့ လိုပါတယ်။ တခါတရံမှာ တခြားသူတွေဆီက အသိအမှတ်ပြုခံလိုစိတ်၊ ကိုယ်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို ပတ်ဝန်းကျင်ကို သက်သေပြဖို့ အတွက် လိုတာထက် ပိုပြီး ကြိုးပမ်းအားထုတ်မိတာတွေ ရှိတာကြောင့် ဒါကိုလည်း သတိပြုမိဖို့ လိုပါတယ်။
(၂) ကိုယ့်ကိုကိုယ် အသိအမှတ်ပြုပေးပါ
တပါးသူဆီက အသိအမှတ်ပြုခြင်း ခံရခြင်း ၊ မခံရခြင်းထက် အရေးကြီးတာ တခုက ကိုယ့်ကိုကိုယ် အသိအမှတ်ပြုပေးဖို့ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ကိုယ့်ရဲ့ လုပ်ဆောင်မှု သေးသေးလေးတွေ၊ ပန်းတိုင်အသေးလေးတွေ၊ အောင်မြင်မှု လေးတွေကို ကိုယ်တိုင် အသိအမှတ် ပြုပေးခြင်းကလည်း စိတ်ပိုင်းဆိုင်ရာ အားဖြင့် စိတ်ကျေနပ်မှုနဲ့ ကိုယ့်ကိုယ့်ကို ယုံကြည်လေးစားမှုကို မြင့်တက်စေနိုင်ပါတယ်။၊
(၃) လူတိုင်းက မပြည့်စုံနိုင်ကြောင်း လက်ခံပါ
လူတိုင်းက လိုအပ်ချက်တွေကို နည်းသထက်နည်းအောင် နေ့စဥ်ကြိုးစားနေရသူတွေ ဖြစ်တာကြောင့် အမှား ရှိနိုင်တယ်၊ ချို့ယွင်းချက် တချို့ ရှိနေနိုင်တယ်၊ ဒါကို နားလည်လက်ခံထားမယ် ဆိုရင် သာမန် အတိမ်းအစောင်း လိုအပ်ချက်လေးတွေကို လက်ခံနိုင်မှာ ဖြစ်ပါတယ်။ ကိုယ့်မှာ လိုအပ်ချက် ရှိခဲ့လို့ တခြားသူက ထောက်ပြလာချိန်မှာလည်း ဒါကို သင်ခန်းစာ အနေနဲ့ လက်ခံပြီး ပိုမို ကောင်းမွန်အောင် ကြိုးစားဖို့ အရေးကြီးပါတယ်။
(၄) ကိုယ်ပိုင် ပန်းတိုင်တွေ သတ်မှတ်ပါ
ကိုယ်ရဲ့ ကိုယ်ပိုင် ပန်းတိုင်တွေကို ကိုယ်တိုင် သတ်မှတ်ပြီး ဒီပန်းတိုင်အလိုက် တခုချင်းစီ ဖြေးဖြေးချင်း လုပ်ဆောင်ပေးသွားမယ်ဆိုရင် ဒါဟာ လုံလောက်တဲ့ တိုးတက်မှု ဖြစ်ပါတယ်။ တပါးသူရဲ့ ကောင်းသည် ဆိုးသည် ဝေဖန်ခြင်းတွေကို မျှော်လင့်နေမယ့် အစား ကိုယ့်ရဲ့ ကိုယ်ပိုင် ပန်းတိုင်တွေ အတိုင်း လုပ်ဆောင်သွားခြင်းက ပိုပြီး လက်တွေ့ကျပြီး ကိုယ့်ရဲ့ လိုအပ်ချက်နဲ့ အကိုက်ညီဆုံး ဖြစ်မှာ ဖြစ်ပါတယ်။
(၅) လိုအပ်ရင် professional အကူအညီယူပါ
ကိုယ်က တခြားသူရဲ့ ထင်မြင်ယူဆချက်၊ ဝေဖန်မှုတွေ၊ အသိအမှတ်ပြုမှုတွေကို အလေးထားမိနေတယ်၊ ဒါကြောင့်ပဲ စိတ်ပိုင်းဆိုင်ရာ လေးလံမှုတွေ၊ ပြဿနာတွေကို ကြုံတွေ့နေရတယ် ဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာအားဖြင့် ကျွမ်းကျင်တဲ့ ပညာရှင်နဲ့ သေချာ တိုင်ပင် ဆွေးနွေးဖို့ လိုလာနိုင်ပါတယ်။
သင့်အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေခံစားနေရတယ်ဆိုရင် Call Me Today မှတဆင့် ကျွမ်းကျင် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။
🌐 : https://app.callmetoday.org/book
☎️: 09-5131873