Search on this blog

Search on this blog

image

တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် သင်ယူခြင်းနဲ့ ဝေမျှခြင်းဟာလည်း စိတ်ရောဂါ ကုသရာမှာ အသုံးဝင်တဲ့ နည်းလမ်း တခု ဖြစ်ပါတယ်။ ဒါ့ကြောင့် တခါတရံမှာ လူအနည်းစု ပါဝင်တဲ့ အစုအဖွဲ့လိုက် စိတ်ပိုင်းဆိုင်ရာ ကုထုံး (Group Therapy) ကိုလည်း အသုံးပြုလေ့ရှိပါတယ်။ Group Therapy အတွင်းမှာ ပါဝင်သူတွေဟာ ခံစားချက်၊ အတွေ့အကြုံနဲ့ အခက်အခဲတွေကို ဆွေးနွေး ဖွင့်ဟကြပြီး နွေးထွေးလုံခြုံစွာ အတူတူ မျှဝေကြတာ ဖြစ်ပါတယ်။ Group Therapy ကို စိတ်ကျရောဂါ၊ စိတ်ပူပန်ခြင်း၊ စိတ်ဒဏ်ရာ၊ ကြေကွဲဝမ်းနည်းခြင်း စတဲ့ စိတ်ကျန်းမာရေး ပြဿနာတွေမှာ အသုံးပြုလေ့ရှိကြပါတယ်။ 

Group Therapy က လူတစ်ဦးနဲ့ တဦးကြားမှာ ရှိတဲ့ ချိတ်ဆက်မှုကို အားပေးခြင်း ဖြစ်သလို နှစ်သိမ့်ဆွေးနွေးသူ (သို့မဟုတ်) ကုသသူက အုပ်စုကို ဦးဆောင်ပြီးတော့ ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။ အထူးသဖြင့် နှစ်သိမ့်ဆွေးနွေးသူ (သို့မဟုတ်) ကုသသူအနေနဲ့ အခြေခံ စည်းမျဥ်းတွေကို ချမှတ်ပေးမှာ ဖြစ်သလို ပဋိပက္ခတွေ မဖြစ်အောင် ထိန်းသိမ်းပေးမှာ ဖြစ်ပါတယ်။ ဒါတင်မကပဲ အဖွဲ့လိုက် လုပ်ဆောင်ချက်တွေနဲ့ ဆွေးနွေးမှုတွေကို အသက်ဝင်အောင် ကူညီပေးမှာ ဖြစ်သလို စိတ်ပိုင်းဆိုင်ရာ ပညာပေးတွေကိုပါ လုပ်ဆောင် ပေးမှာ ဖြစ်ပါတယ်။ 

အဖွဲ့လိုက် ကုထုံးဟာ တစ်ဦးတစ်ယောက်တည်း ကုသဆွေးနွေးရခြင်း မဟုတ်တာကြောင့် တဦးစီရဲ့ အတွင်းရေးနဲ့ အကြောင်းအရာတွေကို လျှို့ဝှက်ထားခြင်း (Confidentiality) ကို အထူးဂရုပြုရမှာ ဖြစ်ပါတယ်။ ဒီလို အချက်အလက်တွေကို ထိန်းသိမ်းခြင်းအားဖြင့် အပြန်အလှန် ယုံကြည်မှုကို ပိုမိုအားကောင်း စေပြီး ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟဖြစ်မှာ ဖြစ်တာကြောင့် အဖွဲ့လိုက် ကုသမှုကို ပိုမိုရလဒ်ကောင်းစေမှာ ဖြစ်ပါတယ်။ 

တချို့သော အဖွဲ့လိုက်ကုထုံးတွေက ခံစားချက် နဲ့ အတွေ့အကြုံအားဖြင့် တူညီသူတွေကို စုစည်းကာ ကုသမှု စတင်ကတည်းက တိကျတဲ့ ရည်မှန်းချက် ပန်းတိုင်တွေနဲ့ ကုသမှု နည်းစနစ်တွေကို ကြိုတင် သတ်မှတ်ထားတာမျိုး ရှိနိုင်ပါတယ်။ တခါတရံမှာတော့ ပေါ့ပေါ့ပါးပါးနဲ့ ခံစားချက်မျိုးစုံကို ဖွင့်ဟ ပြောဖြစ်ပြီီး အပြန်အလှန် မျှဝေကြမယ့် အဖွဲ့လိုက် ကုထုံး ပုံစံတွေလည်း ရှိပါတယ်။ အထူးသဖြင့် ခံစားသူတွေရဲ့ လိုအပ်ချက်အလိုက် ကုသမှုတွေကို ပုံစံပြောင်းပြီး ကုသကြတာ ဖြစ်ပါတယ်။ 

စိတ်ပိုင်းဆိုင်ရာ သီအိုရီတွေကို အဖွဲ့လိုက် ကုထုံးတွေမှာ လိုသလို အသုံးပြုကြပြီး အသုံးများတဲ့ နည်းလမ်းတွေကတော့ 

(၁) အတိတ်ဖြစ်ရပ်တွေကို ပြန်ပြောင်းဖော်ထုတ်ပြီး လက်ရှိ ခံစားချက်တွေကို ကုသတဲ့ Psychodynamic Group Therapy 

(၂) အဆိုးမြင်တဲ့ အတွေးတွေကို ဖယ်ရှားပြီး အတွေးနဲ့ အပြုအမူတွေကို ပြင်ဆင်ခြင်းအားဖြင့် စိတ်ကို ကုစားတဲ့ သိမှု အပြုအမူဆိုင်ရာ အဖွဲ့လိုက် ကုထုံး (Cognitive Behavioral Group Therapy)

(၃)  စိတ်ပိုင်းဆိုင်ရာ ကုသဖို့အတွက် ကိုယ်တိုင် သင်ယူခြင်းပေါ်မှာ အခြေခံပြီး ကုသတဲ့ Dialectical Behavior Therapy (DBT) Group Therapy 

(၄) အချင်းချင်း စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့တွေ ပေးပြီး အပြန်အလှန် မျှဝေကြတဲ့ Support Group 

(၅) အပြန်အလှန် ဆက်သွယ်ခြင်းနဲ့ လူမှုဆက်ဆံရေး အရည်အချင်းတွေကို တိုးတက်စေမယ့် Interpersonal Therapy Group စတာတွေကို အသုံးပြုကြလေ့ရှိပါတယ်။ 

Group Therapy ကို အသုံးပြုခြင်းအားဖြင့် ရနိုင်တဲ့ ကောင်းကျိုးတွေကတော့ နားလည်မှုအား ပိုမိုအားကောင်းလာခြင်း၊ အထီးကျန်ခြင်း လျော့ပါးခြင်း၊ အမြင်ရှုထောင့် မျိုးစုံက အတွေးတွေကို မျှဝေကြတာကြောင့် ကိုယ့်ရဲ့ ပြဿနာအတွက် ဖြေရှင်းနည်းနဲ့ အတွေးအသစ်တွေကို ရရှိနိုင်ခြင်း၊ တဦးနဲ့ တဦး ဝေဖန်ခြင်း မရှိပဲ လမ်းညွှန်ကူညီပေးနိုင်ခြင်း၊ ပေါင်းသင်းဆက်ဆံရေး နဲ့ ပတ်သက်ပြီး တိုးတက်မှု ရှိလာခြင်း စတာတွေအပြင် နားထောင်တတ်ခြင်း ကိုယ်တိုင်ရဲ့ ခံစားချက်တွေကိုလည်း အသိအမှတ်ပြုမိလာခြင်း စတာတွေကို ရစေနိုင်ပါတယ်။ ဒါတင်မကပဲ Group Therapy ဟာ individual therapy လို့ ပြောကြတဲ့ တစ်ဦးချင်းစီ ကုသခြင်းထက် ငွေကြေးအားဖြင့်လည်း ပိုမိုသက်သာလေ့ရှိပါတယ်။

Group Therapy ကို စတင်တဲ့အခါမှာ တဦးချင်းစီက လက်ရှိခံစားချက်တွေ ရင်ဆိုင်နေရတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ရင်ဖွင့်ကြမှာ ဖြစ်ပါတယ်။ ဒီလို အပြန်အလှန် မိတ်ဆက်ပြီး ရင်ဖွင့် ပြောဆိုလိုက်ခြင်း က အချင်းချင်းရဲ့ ရင်းနှီးချစ်ခင်မှုနဲ့ ယုံကြည်မှုတွေကို တိုးပွားစေနိုင်မှာ ဖြစ်ပါတယ်။ ထို့နောက် ကုသသူ (သို့မဟုတ်) နှစ်သိမ့်ဆွေးနွေးသူအနေနဲ့ ခေါင်းစဥ် သို့မဟုတ် အကြောင်းအရာတခုကို ရွေးချယ်မိတ်ဆက်ပေးမှာ ဖြစ်ပြီး ထိုအကြောင်းအရာကို အဖွဲ့အနေနဲ့ အပြန်အလှန် ဆွေးနွေး မျှဝေကြမှာ ဖြစ်ပါတယ်။ လိုအပ်တဲ့အခါမှာ လေ့ကျင့်ခန်းအချို့နဲ့ သရုပ်ဆောင်ခြင်း (role play) တွေကိုလည်း လုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။ ထို့နောက် ဒီ ဆွေးနွေးခြင်းကနေ ဘာတွေ ရလိုက်တယ်၊ နောက်ထပ် ဆွေးနွေးမှုမှာ ဘာတွေ ထပ်ပြီး မျှော်မှန်းထားတယ် စတဲ့အကြောင်းအရာတွေကို ဆွေးနွေးရင်းနဲ့ တွေ့ဆုံခြင်းကို အဆုံးသတ်မှာ ဖြစ်ပါတယ်။ 

Group Therapy ဟာ စိတ်ပိုင်းဆိုင်ရာ ကုသမှုတွေထဲမှာ ထိရောက်ပြီး အထောက်အပံ့များများ ပေးနိုင်တဲ့ ကုထုံးတခုဖြစ်ပါတယ်။ Group Therapy ကုထုံးကို အသုံးပြုခြင်းအားဖြင့် ရလဒ်ကောင်းတွေ ရခဲ့တဲ့ သာဓကများစွာ ရှိတာကြောင့် သင့်အနေနဲ့ Group Therapy ကုထုံး အပါအဝင် တခြားသော ကုသမှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းလိုတယ်ဆိုရင် Call Me Today မှတဆင့် ကျွမ်းကျင် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။

Leave a Reply

Your email address will not be published. Required fields are marked *