
စိတ်ပူပန်မှုတွေကို လူတိုင်းက အကြောင်းအရာ အမျိုးမျိုးကြောင့် တချိန်မဟုတ် တချိန်မှာ ခံစားနေကြရပါတယ်။ ဒီလိုမျိုး စိတ်ပူပန်မှုကို ဖြစ်စေတဲ့ အရာတွေကို ထိန်းချုပ်ဖို့ရာ ခက်ခဲတယ်ဆိုပေမယ့် အကြောင်းတခုခုကြောင့် စိတ်ပူပန်မှုတွေ ခံစားရတဲ့အခါမှာ တတ်နိုင်သလောက် ထိန်းချုပ်နိုင်ဖို့အတွက် နေ့စဥ် ပုံမှန် လေ့ကျင့်နိုင်တဲ့ နည်းလမ်းတချို့ ရှိပါတယ်။ ဒီနည်းလမ်းတွေထဲက (၁၀) ချက်ကို မျှဝေပေးချင်ပါတယ်။
(၁) အသက်ရှုလေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ပါ
စိတ်ရှုပ်ထွေးနေချိန်၊ စိတ်ပူပန်မှုတွေကို ခံစားရနေချိန်မှာ စိတ်ကိုတည်ငြိမ်စေမယ့် အကောင်းဆုံးနည်းလမ်းတွေထဲက တခုကတော့ အသက်ရှုလေ့ကျင်ခန်း ဖြစ်ပါတယ်။ အသက်ကို နက်နက်ရှိုင်းရှိုင်း ရှုသွင်း ရှုထုတ်ခြင်းအားဖြင့် ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဥ်တွေကို ထိန်းညှိပေးပြီး Parasympathetic Nervous System ကို အားပေးတာကြောင့် စိတ်ခံစားချက်တွေကို ငြိမ်သက်အောင် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကို ပုံမှန်လေ့ကျင့်တားမယ်ဆိုရင် မမျှော်လင့်ထားတဲ့ စိတ်ပူပန်မှုတချို့ကိုလည်း ထိန်းချုပ်နိုင်စွမ်း မြင့်တက်လာမှာ ဖြစ်ပါတယ်။
(၂) နေ့တစ်နေ့ရဲ့ အစကို ကောင်းမွန်စွာ စတင်ပါ
တစ်နေ့တာရဲ့ အစဖြစ်တဲ့ မနက်ပိုင်းမှာ စိတ်တည်ငြိမ်နေမယ်ဆိုရင် တစ်နေ့တာဖြစ်ပျက်တဲ့ အရာတွေ အထူးသဖြင့် စိုးရိမ်ပူပန်မှုတွေကို ထိန်းချုပ်ရာမှာ ပိုမိုထိရောက်မှု ရှိမှာဖြစ်ပါတယ်။ ဒါ့ကြောင့် အိပ်ရေးဝဝ အိပ်စက်တာ၊ မနက်ခင်းမှာ တရားထိုင်တာ၊ ပေါ့ပါးတဲ့ လေ့ကျင့်ခန်းတချို့ ပြုလုပ်ပေးတာ၊ မနက်စာကို ပြည့်စုံလုံလောက်စွာ စားတာ တွေကလည်း အရေးကြီးသလို ဒါကို ပုံမှန် အလေ့အကျင့်အနေနဲ့ နေ့စဥ် ပြုလုပ်သွားမယ်ဆိုရင် စိတ်ပူပန်မှု ထိန်းချုပ်ရာမှာ အထောက်အကူပြုမှာ ဖြစ်ပါတယ်။
(၃) ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပါ
ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်းက ခန္ဓာကိုယ်က Endorphins ဟော်မုန်းတွေကိုထွက်စေပြီး cortisol လိုမျိုး stress hormone တွေကို လျော့ကျစေတာကြောင့် စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို လျော့ကျစေနိုင်ပါတယ်။ ဥပမာအားဖြင့် လမ်းလျှောက်တာ၊ ယောဂကျင့်တာ၊ စက်ဘီးစီးတာ ၊ ရေကူးတာ စတဲ့ ပေါ့ပါးပြီး လွယ်ကူတဲ့ လှုပ်ရှားမှုတွေကို နေ့စဥ် ပြုလုပ်ပေးတာက စိတ်ရော ခန္ဓာကိုပါ ကြံ့ခိုင် ကျန်းမာစေနိုင်ပါတယ်။
(၄) ကဖင်းဓါတ်ကို လျှော့ချပါ
ကဖင်းဓါတ်ဟာ ဦးနှောက်ကို လှုံ့ဆော်ပေးနိုင်တာကြောင့် စိုးရိမ်ပူပန်မှုတွေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါ့ကြောင့် နေ့စဥ် ကော်ဖီအပါအဝင် တခြားသောကဖင်းပါဝင်မှုများတဲ့ အစားအသောက်တွေကို အလွန်အကျွံ မသုံးစွဲမိစေဖို့ အထူးဂရုပြုသင့်ပါတယ်။
(၅) Mindfulness ကို လေ့ကျင့်ပါ
Mindfulness ကို လေ့ကျင့်ခြင်းဟာ လက်ရှိအခြေအနေကို ပြန်လည် ဦးတည်စေဖို့ ကူညီပေးမှာ ဖြစ်ပြီး အတိတ်က ဖြစ်ရပ်တွေနဲ့ အနာဂတ်က စိုးရိမ်ပူပန်မှုတွေကို တတ်နိုင်သလောက် လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ တစ်နေ့ကို ၁၀ မိနစ်ကနေ မိိနစ် ၂၀ လောက်အထိ Mindfulness ကို လေ့ကျင့်ပေးနိုင်တဲ့ တရားထိုင်တာနဲ့ စိတ်ကိုဖြေလျော့စေနိုင်တဲ့ လေ့ကျင့်ခန်းတွေကို ပုံမှန် ပြုလုပ်ပေးခြင်းကလည်း စိတ်ပူပန်မှုတွေကို အတိုင်းအတာတခုအထိ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။
(၆) အိပ်ချိန်ပြည့်ဝ လုံလောက်ပါစေ
အိပ်စက်ခြင်းနဲ့ စိတ်ပူပန်မှုဟာ တနည်းတဖုံ ဆက်စပ်လျှက် ရှိပါတယ်။ အိပ်စက်ချ်ိန် မလုံလောက်ခြင်းဟာ စိတ်ပူပန်မှုနဲ့ စိတ်ဖိစီးမှုတွေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါ့ကြောင့် တစ်နေ့ကို အနည်းဆုံး ၇ နာရီကနေ ၈ နာရီကြား အိပ်စက်ဖို့ လိုသလို ကောင်းမွန်နှစ်ခြိုက်စွာ အိပ်ပျော်ဖို့လည်း အရေးကြီးပါတယ်။
(၇) အာဟာရ မျှတစွာ စားပါ
သင့်တင့်မျှတတဲ့ အာဟာရဟာ စိတ်ပိုင်းဆိုင်ရာ အခြေအနေပေါ်မှာလည်း သက်ရောက်မှု ရှိပါတယ်။ အစားအစာကို အချိန်မှန် စားဖို့ အရေးကြီးသလို နေ့စဥ်စားတဲ့ အစားအစာထဲမှာ ဗီတာမင်နဲ့ သတ္ထုဓါတ်အပြင် အာဟာရ ဓါတ်တွေလည်း ပြည့်ပြည့်စုံစုံ ပါဝင်ဖို့ လိုပါတယ်။ ဒါကလည်း စိတ်ပူပန်မှုတွေကို ထိန်းချုပ်ရာမှာ လိုအပ်တဲ့ အချက်တခု ဖြစ်ပါတယ်။
(၈) Screen time ကို ကန့်သတ်ပါ
Screen time များလွန်းတာဟာ အိပ်စက်ခြင်းနဲ့ ကျန်းမာရေးကို အနှောက်အယှက်ဖြစ်နိုင်သလို ဆိုရှယ်မီဒီယာနဲ့ သတင်းတွေကလည်း စိတ်ပူပန်မှုနဲ့ စိတ်ဖိစီးမှုကို ပိုဆိုးစေနိုင်ပါတယ်။ ဒါ့ကြောင့် တစ်နေ့တာမှာ Screen time ကို သင့်တော့်သလို ကန့်သတ်သင့်သလို အထူးသဖြင့် အိပ်စက်ချိန်နဲ့ ကပ်ပြီး ဖုန်းသုံးတာ ၊ သတင်းကြည့်တာတွေကို လည်း တတ်နိုင်သလောက် လျှော့ချဖို့ လိုပါတယ်။
(၉) ကျေးဇူးတင်တတ်အောင် လေ့ကျင့်ပါ
ဘဝမှာ ကိုယ်လက်ရှိ ပိုင်ဆိုင်ထားတဲ့ အရာတွေ၊ ကိုယ့်မှာ ရှိနေတဲ့ အရာတွေကို ကျေးဇူးတင်တတ်ခြင်းကလည်း စိတ်ပူပန်မှုတွေကို ဖြေလျော့စေနိုင်တဲ့ နည်းလမ်းတခု ဖြစ်ပါတယ်။ ဒီလိုမျိုး ကျေးဇူးတင်တတ်ခြင်းက အကောင်းမြင်စိတ်ကို ပိုများစေနိုင်သလို စိုးရိိမ်ပူပန်မှုတွေကို အကောင်းဘက်ကနေ တွေးတတ်လာအောင် လေ့ကျင့်ပေးခြင်းတမျိုးလည်းဖြစ်ပါတယ်။
(၁၀) တခြားသူတွေနဲ့ ဆက်သွယ်ပါ
တစ်ဦးတည်း အထီးကျန်နေချိန်၊ တစ်ယောက်တည်း ရှိနေချိန်တွေမှာ စိုးရိမ်ပူပန်မှုတွေက ပိုပြီးဆိုးရွားတတ်ပါတယ်။ ဒါ့ကြောင့် ပတ်ဝန်းကျင်နဲ့ အတူတူ အချိန်ကုန်ဆုံးတာ၊ ချစ်ခင်သူ ဆွေမျိုးသားချင်း မောင်နှမတွေနဲ့ အတူတူ ရှိနေတာဟာ စိုးရိမ်ပူပန်မှုတွေကို အတိုင်းအတာ တခုအထိ လျှော့ချပေးနိုင်သလို ရင်ဖွင့်ပြောဆိုခြင်းကလည်း ခံစားချက်တွေကို ပေ့ါပါးစေနိုင်မှာ ဖြစ်ပါတယ်။
အခုပြောခဲ့တဲ့ နည်းလမ်း (၁၀) ချက်ကို ပုံမှန် ပြုလုပ်ပေးပြီး လေ့ကျင့်ပေးမယ်ဆိုရင် စိတ်ပူပန်မှု၊ စိတ်ဖိစီးမှုနဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်မှု ပိုမိုအားကောင်းလာမှာ ဖြစ်သလို နေ့စဥ်ဘဝမှာ ခံနိုင်ရည်စိတ်ဓါတ်တွေ ပိုအားကောင်းလာမှာ ဖြစ်ပါတယ်။ ဒီအမူအကျင့်တွေဟာ လူတိုင်းအတွက် ခက်ခဲမှု မရှိသလို ပုံမှန်လေ့ကျင့်ခြင်းအားဖြင့် စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ကူညီပေးနိုင်မှာ ဖြစ်ကြောင်း မျှဝေလိုက်ရပါတယ်။
သင့်အနေနဲ့ စိတ်ပူပန်မှုဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေခံစားနေရတယ်ဆိုရင် Call Me Today မှတဆင့် ကျွမ်းကျင် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။
🌐 : https://app.callmetoday.org/book
☎️: 09-5131873