Search on this blog

Search on this blog

image

လူရယ်လို့ ဖြစ်တည်လာတဲ့အခါ တဦးထဲ ဘဝကို ဖြတ်သန်းလိုသူတွေ ရှိကြသလို တချို့က နှစ်ဦးသဘောတူ ကြည်ဖြူတဲ့ Relationship တွေကို တည်ဆောက်လိုတဲ့ ဆန္ဒရှိကြပါတယ်။ Healthy Relationship ဆိုတာ ချစ်သူတိုင်း လိုလားတောင့်တကြတဲ့ အရာတခုဆိုရင်လည်း မမှားပါဘူး။ သင့်ရဲ့ Relationship ဟာ Healthy Relationship ဖြစ်ကြောင်း ဆန်းစစ်နိုင်မယ့် အချက်တွေကို ဒီမှာ မျှဝေပေးချင်ပါတယ်။ 

(၁)  အပြန်အလှန် လေးစားခြင်း  

Relationship တခုမှာ သူသာတယ်၊ ကိုယ်သာတယ်၊ စသဖြင့် မတွက်ဆပဲ သူ့အမြင်၊ ကိုယ့်အမြင်၊ ကိုယ်ပိုင်အတွေးအခေါ် တွေကို လေးစားမှု ရှိဖို့ လိုပါတယ်။ ဒါ့အပြင် သင့်လက်တွဲဖော်ရဲ့ အတွင်းရေး ကိစ္စတွေ၊ လူသိမခံလိုတဲ့ အကြောင်းအရာတွေကို သင့်ဘက်က တလေးတစား နားလည်ပြီး ဖော်ထုတ်ခြင်း မရှိဘူး၊ သူ့ရဲ့ ကိုယ်ပိုင်အချိန်၊ ကိုယ်ပိုင်နေရာ (Space) ကိုလည်း နားလည်ပေးတယ်ဆိုရင်  ဒါဟာလည်း အပြန်အလှန် လေးစားခြင်း တမျိုး ဖြစ်ပါတယ်။  

(၂) အပြန်အလှန် ယုံကြည်ခြင်း  

Relationship မှာ ယုံကြည်မှုဟာ အလွန် အရေးကြီးတဲ့ အရာ တခုဖြစ်ပါတယ်။ လက်တွဲဖော်အနေနဲ့ လိမ်ညာမှု၊ ဖောက်ပြားမှုမရှိဘူး၊ သင့်အပေါ်မှာ သစ္စာရှိတယ်ဆိုရင် ဒါဟာ ကောင်းမွန်တဲ့ လက္ခဏာတရပ်ဖြစ်သလို သင်တို့ရဲ့ Relationship ကို ပိုမိုခိုင်မာစေမှာ ဖြစ်ပါတယ်။ တခြားသူတွေထက် သူနဲ့အတူ ရှိနေချိန်မှာ လုံခြုံသလို ခံစားရတယ်၊ သင့်အပေါ်မှာ ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်နဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို မဖြစ်စေဘူးဆိုရင် ဒါဟာ Healthy Relationship ရဲ့ လက္ခဏာတွေထဲက တခု ဖြစ်ပါတယ်။ 

(၃) တဦးနဲ့ တဦး ခွင့်လွတ်ဖို့ ဝန်မလေးခြင်း 

လူနှစ်ယောက် အတူယှဉ်တွဲနေထိုင်တဲ့အခါမှာ အချင်းချင်း သဘောထား မတိုက်ဆိုင်တာတွေ၊ အမြင်မတူတာတွေ၊ စိတ်ဆိုး စိတ်ကောက်တာတွေ ဖြစ်လေ့ ရှိတာက သဘာဝပါပဲ။ ဒီလို အခြေအနေမှာ တဦးနဲ့တဦး ရင့်သီးတဲ့ စကားတွေ၊ စိတ်နာစေမယ့် အပြုအမူတွေ မပြုလုပ်ပဲ နားလည် ခွင့်လွှတ်ပေးဖို့ လိုပါတယ်။ ချစ်ရသူတွေမှာ ဖြစ်တတ်တဲ့ ကတောက်ကဆ ပြဿနာလေးတွေကို အပြန်အလှန် ခွင့်လွတ်ပေးမယ်ဆိုရင် Healthy Relationship ကို ပိုင်ဆိုင်နိုင်မှာ အသေချာပဲ ဖြစ်ပါတယ်။ 

(၄) ညှိနှိုင်းမှုကို ရှေ့တန်းတင်တယ် 

Healthy Relationship ကို ပိုင်ဆိုင်တဲ့ ချစ်သူတွေဟာ ညှိနှိုင်းမှုကို မကြောက်ကြသူတွေ ဖြစ်ပါတယ်။ တဦးနဲ့ တဦး ဘယ်လောက်ပဲ ချစ်ခင် မြတ်နိုးနေပါစေ၊ စိတ်သဘောထား မတိုက်ဆိုင်တဲ့အချိန်ဆိုတာ ရှိကြမှာပါ။ ဒီအချိန်တွေမှာ သူ့အမြင်၊ ကိုယ့်အမြင် ရယ်လို့ ရှေ့တန်းမတင်ပဲ လိုတိုးပိုလျှော့ အနေအထားနဲ့ နှစ်ဦးလုံး ကျေနပ်စေဖို့ ညှိယူတာမျိုး ပြုလုပ်ပေးသင့်ပါတယ်။ ဒီလို ညှိနှိုင်းတတ်တဲ့ Relationship တွေဟာ ပျော်ရွှင်ကျန်းမာတဲ့ ဆက်ဆံရေးကို ရရှိလေ့ ရှိပါတယ်။ 

(၅) တဦးစီရဲ့ ရည်မှန်းချက် ပန်းတိုင်တွေကို အလေးထားတယ်

Relationship တခုရယ်လို့ ဖြစ်လာရင် တူညီတဲ့ ပန်းတိုင်နဲ့ ရည်မှန်းချက်တွေ ရှိသင့်တယ်ဆိုပေမယ့် တခါတရံမှာ တထပ်တည်း မတူညီနိုင်ပါဘူး။ ဒီအချိန်မှာ Relationship အများစုဟာ ပြဿနာတွေ ဖြစ်လာနိုင်ပြီး ချစ်လျှက်နဲ့ ခွဲခွါကြရတဲ့ အနေအထား ဖြစ်လာကြပါတယ်။ ဒီလိုမျိုး ကိုယ်စီရဲ့ ပန်းတိုင်နဲ့ ရည်မှန်းချက်တွေကို အပြန်အလှန် လေးစားပြီး ထောက်ပံ့ကူညီပေးမယ်ဆိုရင်တော့ သာယာတဲ့ Relationship ကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ 

Relationship အများစုဟာ မချစ်မနှစ်သက်လို့ မဟုတ်ပဲ စိတ်သဘောထား ကွဲလွဲမှုနဲ့ ညှိနှိုင်းမှုတွေ မရှိတာကြောင့် အဆင်မပြေလမ်းခွဲကြရတာ ဖြစ်ပါတယ်။ သင်တို့ရဲ့  Relationship ဟာ အခုပြောခဲ့တဲ့ လက္ခဏာတွေ ပိုင်ဆိုင်ထားတယ် ဆိုရင်တော့ Healthy Relationship တခု ဖြစ်တယ်လို့ ဆိုနိုင်မှာ ဖြစ်ပါတယ်။ 

Relationship နဲ့ ပတ်သက်ပြီး ဖြေရှင်းရ ခက်ခဲနေတယ် ၊ အပြန်အလှန် အဆင်မပြေမှုတွေကြောင့် စိတ်ဖိစီးမှု ရှိနေတယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့ ပညာရှင်နဲ့ ဆွေးနွေးဖို့ လိုအပ်နိုင်ပါတယ်။ သင့်အနေနဲ့ နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့်တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။

Leave a Reply

Your email address will not be published. Required fields are marked *