Search on this blog

Search on this blog

image

စိတ်ခံစားချက်တွေကို ဖော်ထုတ်ရာမှာ အနုပညာက အရေးပါသလို အတွင်းစိတ်အခြေအနေ နဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ကုသတဲ့အခါမှာလည်း အနုပညာကုထုံး (Art Therapy) ကို ထိရောက်တဲ့ စိတ်ရောဂါ ကုထုံးတခုအဖြစ် သုံးလာကြပါပြီ။ အထူးသဖြင့် အနုပညာဖန်တီးမှုကနေ တဆင့် ကိုယ့်ရဲ့ လက်ရှိခံစားချက်တွေကို အသိအမှတ်ပြုစေဖို့ ကူညီပေးနိုင်သလို စိတ်ဖိစီးမှုတွေကို လျော့ကျစေဖို့အတွက်ကိုလည်း Art Therapy က များစွာ အကျိုးပြုနိုင်ပါတယ်။ 

Art Therapy ရဲ့ ကောင်းကျိုးတွေကတော့ 

(၁) လက်ရှိခံစားနေရတဲ့ ခံစားချက်တွေ ဖြစ်တဲ့ ဝမ်းနည်းမှု၊ စိတ်ဒဏ်ရာ၊ စိတ်ပူပန်မှု ၊ စိတ်ဓါတ်ကျမှု စတာတွေကို အနုပညာနဲ့ ပုံဖော် ဖော်ပြနိုင်မယ်။ 

(၂) အနုပညာကို အာရုံစိုက်ထားချိန်မှာ စိတ်က တည်ငြိမ်အေးဆေးနေတာကြောင့် စိတ်ဖိစီးမှုတွေကို အထိုက်အလျောက် လျှော့ချပေးနိုင်မယ်။  

(၃) တစုံတရာကို ပြီးမြောက်အောင် လုပ်ဆောင်ဖြစ်တာကြောင့် ကိုယ့်ကိုကိုယ် ယုံကြည်အားကိုးမှုကို တိုးတက်စေနိုင်တယ်။  

(၄) သာမန်အားဖြင့် ကိုယ်တိုင် သတိမထားမိနိုင်တဲ့ မသိစိတ်က အတွေးနဲ့ စိတ်ကူး တွေကို ပုံဖော်နိုင်မယ်။ 

(၅) ပေါင်းသင်းဆက်ဆံရေးမှာ အခက်အခဲ ရှိနေသူတွေ အတွက် ပေါင်းကူးတံတားသဖွယ် အနုပညာနဲ့ အချင်းချင်း ဆက်သွယ်နိုင်မယ်။  

အထူးသဖြင့် ကလေးတွေဟာ အနုပညာအားဖြင့် ခံစားချက်တွေကို ပုံဖော်ရာမှာ ပိုပြီး တော့ ထိရောက်လေ့ရှိသလို အသက်ကြီးတဲ့ လူကြီး တွေမှာလည်း အနုပညာကို ဖန်တီးခြင်းက အရင် ကအဖြစ်အပျက် ၊ အကြောင်းအရာနဲ့ မှတ်ဉာဏ်တွေကို ပြန်လည် ချိတ်ဆက်နိုင်ဖို့ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီကုသနည်းဟာ အသက်အရွယ်တိုင်းအတွက် အဆင်ပြေတဲ့ ကုထုံးတခု လို့ ပြောလို့ရပါတယ်။ 

Art Therapy နည်းလမ်းတွေ များစွာ ရှိတဲ့အနက် အသုံးများတဲ့ နည်းလမ်းတွေထဲမှာ ပုံဆွဲခြင်းက အသုံးများတဲ့ နည်းလမ်းတခု ဖြစ်ပါတယ်။  Art Therapy အားဖြင့် ပုံတွေကို ဖန်တီးရေးဆွဲရာမှာ တိကျတဲ့ ရည်ရွယ်ချက်၊ လမ်းညွှန်ချက်တွေ မချမှတ်ထားပဲ client စိတ်တိုင်းကျ ခံစားရသမျှ မြင်သမျှအတွေးတွေကို ဖန်တီးရတာလည်း ရှိသလို ပုံကြမ်း သို့မဟုတ် အိုင်ဒီယာ ပေးပြီး စိတ်ကူးပုံဖော်ခိုင်းတာလည်း ရှိပါတယ်။ ဒီနည်းလမ်းဟာ လွယ်ကူ ရိုးရှင်းပေမယ့် စိတ်ခံစားချက်တွေကို ပုံဖော်ရာမှာ ထိရောက်တဲ့ နည်းလမ်းတခုလို့ ပြောနိုင်ပါတယ်။ 

ပုံတွေကို အသုံးပြုပြီး စိတ်ပညာကို ကုစားတဲ့ နောက် နည်းလမ်းတခုကတော့ ခံစားချက်တွေနဲ့ နီးစပ်တဲ့ ပုံနဲ့ ပန်းချီ တွေကို ပြသပြီး ခံစားချက်တွေကို ပုံဖော်တဲ့ နည်းလမ်းတခု ဖြစ်ပါတယ်။ တချို့ကလည်း ပုံတွေနဲ့ စာရေးသားခြင်းတွေကို ပေါင်းစပ်တဲ့ Art Journaling လုပ်ခြင်း နည်းလမ်းကို အသုံးပြုပြီး ခံစားချက်တွေကို ပြန်လှည် သုံးသပ်ဆင်ခြင် ကြတာလည်း ရှိပါတယ်။ 

နောက်ပိုင်းမှာ အသုံးများလာတာကတော့ သဲတွေကို ပုံဖော်တဲ့ Sand Tray Therapy တို့၊ ရွံ့တွေကို ပုံဖော်တဲ့ clay therapy တွေကိုလည်း စိတ်ခံစားချက်ပေါ်မှာ မူတည်ပြီး သုံးဖြစ်လာကြပါတယ်။ 

 Art Therapy နည်းလမ်းတွေဟာ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို အနုပညာဖြင့် လုံခြုံစွာ ဖော်ပြနိုင်တဲ့ နည်းလမ်းဖြစ်လို့ အတွေးတွေ၊ ခံစားချက်တွေနဲ့ အပြုအမူတွေကို ကိုယ်တိုင် သိနိုင်ပြီး နောက်တဆင့် ပြောင်းလဲရာမှာ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ 

Art Therapy ဟာ တီထွင်ဖန်တီးမှုကို အခြေခံပြီး စိတ်ခံစားချက်ကို ကုစားတဲ့နည်လမ်းဖြစ်တာကြောင့် တခါတရံမှာ ထူးခြားတဲ့ ရလဒ်တွေကို ပေးနိုင်ပါတယ်။ အထူးသဖြင့် ဖြေရှင်းရ ခက်ခဲတဲ့ စိတ်ခံစားချက် ပြဿနာတွေနဲ့ အတွေးတွေကို ဆင်ခြင် ပြောင်းလဲတဲ့အခါမှာ Art Therapy ဟာ များစွာ အသုံးဝင်တာကို တွေ့ရပါတယ်။

Art Therapy ကို အသုံးပြုတဲ့  Art Therapist တွေဟာ အနုပညာဖြင့် စိတ်ပိုင်းဆိုင်ရာ ကုသနည်းတွေကို ထပ်မံ သင်ကြားလေ့လာထားကြတဲ့ ကျွမ်းကျင်သူတွေ ဖြစ်ကြပါတယ်။ ကုသမှုအတွင်းမှာ စိတ်ပိုင်းဆိုင်ရာ ပညာရှင်အနေနဲ့ ကာယကံရှင်ရဲ့ စိတ်ခံစားချက်တွေကို ပိုမို ဖော်ပြနိုင်ပြီး အသိအမှတ် ပြုလာနိုင်စေဖို့ လမ်းပြ ကူညီပေးမှာ ဖြစ်ပါတယ်။ 

သင့်အနေနဲ့ Art Therapy ကုထုံး အပါအဝင် တခြားသော ကုသမှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းလိုတယ်ဆိုရင် Call Me Today မှတဆင့် ကျွမ်းကျင် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။

Leave a Reply

Your email address will not be published. Required fields are marked *