Search on this blog

Search on this blog

image

ငလျင်ဒဏ်ကဲ့သို့ ကြီးမားတဲ့ သဘာဝဘေးအန္တရာယ်တွေဟာ လူသားတွေအတွက် စိတ်ပိုင်း၊ ရုပ်ပိုင်းနဲ့ လူမှုရေးပိုင်းဆိုင်ရာ စသဖြင့် ဘက်ပေါင်းစုံကနေ ထိခိုက်ဆုံးရှုံး နစ်နာမှု ရှိပါတယ်။ ဒါ့ကြောင့် ပြန်လည် ထူထောင်ရေးနဲ့ အထောက်အပံ့တွေ မျှဝေတဲ့အခါမှာလည်း အဘက်ဘက်ကနေ ထည့်သွင်းစဥ်းစားပြီး ပြန်လည်ကုစားပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် စိတ်ပညာမှာ Biopsychosocial support လို့ ပြောတဲ့ ဇီဝဖြစ်စဥ်၊ စိတ်ပိုင်းနဲ့ လူမှုရေးပိုင်းဆိုင်ရာ အထောက်အပံ့တွေ ပေးနိုင်မှသာ လုံလောက်တဲ့ အထောက်အပံ့ကို ရနိုင်မှာ ဖြစ်ပါတယ်။ 

သင့်အနေနဲ့ တခြားသူတွေကို Biopsychosocial support ပေးနိုင်မယ့် နည်းလမ်းများ 

(၁) Biological Support (ရုပ်ပိုင်းဆိုင်ရာ အထောက်အပံ့များ) 

ငလျင်ဒဏ်သင့်သူတွေအတွက် စားဝတ်နေရေး အဆင်ပြေစေဖို့အတွက် အစားအစာ၊ ရေ၊ အသုံးအဆောင်နဲ့ အဝတ်အထည်၊ ဆေးဝါး မှစလို့ ရုပ်ပိုင်းဆိုင်ရာ အထောက်အပံ့တွေ ပေးတာက ငလျင်ပြီးနောက်မှာ  အလွန်အရေးပါတဲ့ အထောက်အပံ့ တစ်ခု ဖြစ်ပါတယ်။ ဒါတင်မကပဲ ငလျင်ဒဏ်ကြောင့် အနာတရ ဖြစ်သွားသူတွေအတွက် ဆေးဝါးကုသမှုခံယူနိုင်ဖို့ ကူညီပေးတာ၊ အန္တရာယ်ရှိတဲ့ နေရာတွေကနေ အချိန်မှီ ရွေ့ပြောင်းနိုင်ဖို့ ကူညီပေးတာတွေကလည်း Biological support ပေးခြင်း တစ်မျိုး ဖြစ်ပါတယ်။ 

(၂) Psychological Support (စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့များ) 

ငလျင်ဒဏ်ကဲ့သို့ သဘာဝဘေးအန္တရာယ်ကို ကြုံတွေ့ခဲ့ရသူတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာမှာလည်း အကျိုး သက်ရောက်မှု များစွာ ရှိပါတယ်။ အထူးသဖြင့် စိိတ်အားငယ်တာ၊ အဖြစ်အပျက်ကို ပြန်လည်မြင်ယောင်တာတွေ၊ စိုးရိမ်ထိတ်လန့်တာနဲ့ ဝမ်းနည်းကြေကွဲတာတွေ များစွာ ကြုံရနိုင်ပြီး ဒါတွေကို သက်သာစေမယ့် အထောက်အပံ့တွေလည်း လိုအပ်ပါတယ်။ ဥပမာအားဖြင့် ငလျင်ဒဏ်သင့်ပြီးနောက် ဆုံးရှုံးနစ်နာသူတွေရဲ့ ခံစားချက်တွေကို နားထောင်ပေးတာ၊ စိတ်ဓါတ်ခွန်အားပေးတာ၊ အတူတူရှိပေးတာအပြင် လိုအပ်တဲ့အခါ စိတ်ပိုင်းဆိုင်ရာ အကူအညီ ပေးနိုင်ဖို့ ကူညီပေးတာကလည်း ထိရောက်တဲ့ အထောက်အပံ့တစ်ခု ဖြစ်ပါတယ်။ 

(၃) Social Support (လူမှုရေးပိုင်းဆိုင်ရာ အထောက်အပံ့များ) 

သဘာဝဘေးအန္တရာယ် ကြုံတွေ့ပြီးနောက်မှာ လူမှုရေးဆိုင်ရာ အထောက်အပံ့တွေကလည်း ထိရောက်တဲ့ ပြန်လည် ထူထောင်ရေးအတွက် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ကွဲကွာသွားတဲ့ မိသားစုဝင်တွေနဲ့ ပြန်လည် ဆုံတွေ့ဖို့ ကူညီပေးတာ၊ ချစ်ခင်ရတဲ့ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ဆက်သွယ်ပေးတာ၊ ခံစားချက်တူညီသူတွေအချင်းချင်း ရင်ဖွင့်ပြောဆိုနိုင်ဖို့ အဖွဲ့လိုက်တွေ့ဆုံစေတာ စတာတွေကလည်း ထိရောက်တဲ့ လူမှုရေးပိုင်းဆိုင်ရာ ထောက်ပံ့မှု တချို့ ဖြစ်ပါတယ်။ 

တခြားသူတွေမှ ရယူနိုင်မယ့် Biopsychosocial support နည်းလမ်းများ 

(၁) Biological Support (ရုပ်ပိုင်းဆိုင်ရာ အထောက်အပံ့များ) 

ငလျင်ဒဏ်ကို တိုက်ရိုက် ခံစားခဲ့ရပြီးနောက်မှာ စားဝတ်နေရေးနဲ့ အထောက်အပံ့လိုအပ်တာ၊ အနာတရ ရရှိတာတွေအတွက် လိုအပ်တဲ့ အထောက်အပံ့တွေကို ရယူဖို့ လိုပါတယ်။ အထူးသဖြင့် ဒီလို သဘာဝဘေးကို ကြုံတွေ့ရပြီးနောက်မှာ အစားအသောက်၊ အိပ်စက်မှု မလုံလောက်တဲ့ အခါ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ရုပ်ပိုင်းဆိုင်ရာ ထောက်ပံ့မှု ပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ရမှာ ဖြစ်သလို ကိုယ်တိုင်လည်း ဒီကာလမှာ အစားအသောက် အာဟာရ မျှတစွာ စားဖို့ နဲ့ အိပ်စက်ချိန် ပြည့်ဝဖို့၊ လုံခြုံမှု ရှိဖို့ အထူးဂရုစိုက်ရမှာ ဖြစ်ပါတယ်။  ဒါတင်မကပဲ ရေဓါတ်ပြည့်ဝဖို့လည်း အထူးဂရုပြုရမှာ ဖြစ်သလို စိတ်ရောကိုယ်ပါ အနားယူဖို့ လည်း အရေးပါပါတယ်။ 

(၂) Psychological Support (စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့များ) 

ငလျင်ဒဏ်ကြောင့် ဆုံးရှုံးနစ်နာမှုတွေကို လက်တွေ့ကြုံရတဲ့အခါမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုနဲ့ ပြဿနာများစွာ နောက်ဆက်တွဲ ကြုံရနိုင်ပါတယ်။ ဒီ လက္ခဏာတွေကို လျစ်လျုရှုလိုက်တဲ့အခါမှာ စိတ်ဒဏ်ရာနဲ့ စိတ်ကျန်းမာရေး အခြေအနေ ဆိုးရွားတဲ့ အထိကြုံရနိုင်တာကြောင့် မပေါ့ဆသင့်ပါဘူး။ ဥပမာအားဖြင့် ယုံကြည်ရတဲ့ သူတစ်ဦးဆီမှာ ရင်ဖွင့်ပြောဆိုတာ၊ စိတ်တည်ငြိမ်နိုင်မယ့် နည်းလမ်းတွေ လေ့ကျင့်တာ၊ လိုအပ်တဲ့အခါမှာ စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးတာတွေ ပြုလုပ်ပေးသင့်ပါတယ်။ social media ကိုလည်း အကန့်အသတ်နဲ့သာ အသုံးပြုသင့်ပါတယ်။ 

(၃) Social Support (လူမှုရေး ဆိုင်ရာ အထောက်အပံ့များ) 

သဘာဝဘေးအန္တရာယ် ကြုံရတဲ့အခါမှာ လူမှုရေးဆိုင်ရာ အထောက်အပံ့တွေက များစွာ အရေးပါပါတယ်။ ဒီလိုအခြေအနေမှာ တစ်ဦးတည်း အတွေးပေါင်းစုံနဲ့ မွန်းကြပ်ပိတ်လှောင်နေမယ့်အစား တခြားသူတွေနဲ့ အတူတူ စကားပြော ရင်ဖွင့်တာ၊ လူမှုရေးဆိုင်ရာ လုပ်ဆောင်မှုတွေပါ အတူပါဝင်လုပ်ဆောင်တာက စိတ်ခံစားချက်တွေကို သက်သာစေနိုင်ပါတယ်။ အထူးသဖြင့် ကိုယ့်ရဲ့ မိသားစုဝင်တွေ ၊ အိိမ်နီးချင်းတွေကို လိုအပ်တဲ့ အကူအညီတွေ တောင်းခံတာ၊ အပြန်အလှန် ကူညီတာ၊ အတူဝိုင်းဝန်းပြီး ပြဿနာတွေကို ဖြေရှင်းဖို့ လိုအပ်ပါတယ်။ 

ငလျင်ရဲ့ နောက်ဆက်တွဲအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ရင်ဆိုင်နေရတယ်၊ စိတ်ပိုင်းဆိုင်ရာ အကူအညီ လိုအပ်တယ်ဆိုရင် Call Me Today မှတဆင့် ကျွမ်းကျင် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။

ငလျင်ဒဏ်ဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး တထောင့်တအား အဖြစ် Call Me Today မှ ပညာရှင်များမှ “အခမဲ့” တိုင်ပင်ဆွေးနွေးပေးမဲ့ အစီအစဉ်လေးကို 2025 ဧပြီလ တစ်လ လုံး ပြုလုပ်ပေးသွားမှာဖြစ်ကြောင်းလဲ အသိပေးလိုပါတယ်။ မိမိကိုယ်တိုင်ဖြစ်‌‌စေ၊ မိမိပတ်ဝန်းကျင်မှ မိတ်ဆွေများ ဖြစ်‌စေ ငလျင်ဘေးဒဏ်ကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ခံစားနေရတယ်ဆိုရင် Call Me Today Facebook Page Messenger က တစ်ဆင့် Free Counseling Appointment ဆက်သွယ် ရယူပေးရန် မေတ္တာရပ်ခံလိုပါတယ်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်