Search on this blog

Search on this blog

educational psychology

တစုံတယောက်က သင်ယူမှုတခုကို လက်ခံသင်ယူတဲ့ နည်းလမ်း၊ မှတ်သားတဲ့ ပုံစံ ကွဲပြားတာနဲ့အမျှ သင်ခန်းစာကို နားလည်နိုင်စွမ်းနဲ့ ပြန်လည်အသုံးချနိုင်တဲ့ အတိုင်းအတာတွေက မတူညီနိုင်ပါဘူး။ ဒါတွေကို စနစ်တကျ လေ့လာပြီး သင်ကြားရေး အပိုင်းနဲ့ လူသားတွေရဲ့ စိတ်ပညာ ဆက်စပ်မှုကို လေ့လာတဲ့ ဘာသာရပ်ကတော့ Educational Psychology (ပညာရေး စိတ်ပညာ) ဖြစ်ပါတယ်။ ပညာရေးစိတ်ပညာရဲ့ အဓိကအချက်များ၊ လက်တွေ့ အရေးပါပုံနဲ့ ဒီဘာသာရပ်ကို လေ့လာထားခြင်းအားဖြင့် ရနိုင်မယ့် အကျိုးကျေးဇူးတွေကို ဒီကနေ မျှဝေပေးချင်ပါတယ်။ 

Educational Psychology ရဲ့ အဓိက လေ့လာမှုနယ်ပယ်များ 

(၁) Learning System (သင်ကြားမှု စနစ်) 

လူတဦးစီရဲ့ အပြုအမူ၊ မှတ်သားနိုင်မှုနဲ့ အချက်အလက် တည်ဆောက်နိုင်မှုအရ ဘယ်လို သင်ယူကြတယ်၊ ဘယ်လို မှတ်သားကြတယ် စတဲ့ အချက်တွေကို စနစ်တကျ လေ့လာပြီး သင်ကြားမှု စနစ်ကို အထိရောက်ဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် ဖန်တီးခြင်းက Educational Psychology ရဲ့ အရေးပါတဲ့ အပိုင်းဖြစ်ပါတယ်။ 

(၂) စိတ်ခွန်အားနဲ့ ချိတ်ဆက်နိုင်မှု 

သင်ကြားမှု ဖြစ်စဥ်မှာ သင်ယူသူတွေအတွက် စိတ်ခွန်အားပေးနိုင်မှု အပိုင်းတွေ၊ သင်ခန်းစာနဲ့ ချိတ်ဆက်နိုင်မှု ၊ ပိုမိုထိရောက်တဲ့ သင်ကြားမှု တခုဖြစ်ဖို့အတွက် ပြုပြင်ဖန်တီးမှု စတဲ့ အပိုင်းတွေမှာ Educational Psychology ကို အသုံးချလေ့ရှိကြပါတယ်။ သင်ခန်းစာနဲ့ ပတ်သက်ပြီး စိတ်ခွန်အား မြင့်တက်လာတာနဲ့အမျှ သင်ယူမှုတွေက ပိုမိုမှတ်မိနိုင်သလို သင်ကြားမှု ရလဒ်တွေကလည်း ပိုမိုကောင်းမွန်လာမှာ ဖြစ်ပါတယ်။ 

(၃) သင်ယူမှုပုံစံ ကွဲပြားခြားနားမှု 

လူတိုင်းရဲ့ သင်ယူမှု ပုံစံတွေက မတူညီနိုင်ပါဘူး။ တချို့က အမြင်နဲ့ သင်ယူကြသလို၊ တချို့အတွက် အကြားအာရုံနဲ့ သင်ယူခြင်းက ပိုမှတ်မိတာလည်း ရှိနိုင်ပါတယ်။ တချို့ သင်ယူသူတွေ အနေနဲ့တော့ ကိုယ်တိုင် လိုက်လုပ်ကြည့်ပြီး လက်တွေ့လေ့လာခြင်းက ပိုထိရောက်တာလည်း ရှိနိုင်ပါတယ်။ ဒီလိုမျိုး သင်ယူသူတဦးစီရဲ့ အားနည်းချက်၊ အားသာချက်၊ လိုအပ်ချက် စတာတွေကို စနစ်တကျ လေ့လာပြီး ကိုက်ညီတဲ့ သင်ကြားမှုပုံစံကို ရွေးချယ်တတ်ဖို့အတွက် Educational Psychology က များစွာ အထောက်အကူ ပြုနိုင်ပါတယ်။ 

(၄) သင်ကြားမှု လမ်းညွှန် ပြင်ဆင်ခြင်း 

တချို့သော သင်ယူမှု နည်းလမ်းတွေက သင်ယူသူ၊ သင်ကြားသူ နှစ်ဦးလုံးအတွက် အဆင်မပြေတာ ရှိနိုင်သလို တခါတရံမှာ သင်ယူသူရဲ့ အကြံပြုချက်၊ လက်ခံနိုင်မှု၊ သင်ခန်းစာအမျိုးအစား စတဲ့ အချက်တွေ အရ သင်ကြားသူဘက်ကနေ  ပြုပြင် ပြင်ဆင်ရတာ ရှိပါတယ်။ အထူးသဖြင့် သင်ကြားသူအတွက်လည်း လွယ်ကူပြီး သင်ယူသူကို ဆွဲခေါ်သွားနိုင်အောင် ဘယ်လို ဦးဆောင်လမ်းပြမလဲ ဆိုတဲ့ လမ်းညွှန်တွေကို ပြင်ဆင်တဲ့အခါမှာလည်း Educational Psychology ကို အသုံးပြုနိုင်ပါတယ်။ 

(၅) သင်ကြားမှု ပတ်ဝန်းကျင် ဖန်တီးခြင်း

ကောင်းမွန်ပြည့်စုံတဲ့ သင်ကြားမှု တခုမှာ သင်ကြားတဲ့ ပတ်ဝန်းကျင်ကလည်း အရေးပါတဲ့ အပိုင်းက ပါဝင်ပါတယ်။ ဥပမာအားဖြင့် လူချင်း တိုက်ရိုက် စကားပြောဆိုပြီး သင်ကြားခြင်းနဲ့ online platform တခုကို အသုံးပြုပြီး သင်ကြားခြင်းက သင်ကြားမှု ရလဒ်တွေ ထပ်တူမကျနိုင်သလို သုံးတဲ့ သင်ကြားမှု စနစ်ကလည်း ကွဲပြားနိုင်ပါတယ်။ ဒါ့ကြောင့် သင်ခန်းစာ၊ သင်ယူသူနဲ့ သင်ကြားသူ အတွက် အဆင်ပြေစေမယ့် သင်ကြားမှု ပတ်ဝန်းကျင်တခုကို ဖန်တီးဖို့ အရေးကြီးသလို ဒီနေရာမှာလည်း Educational Psychology ရဲ့ အချက်အလက်တွေကို ထည့်သွင်းစဥ်းစားဖို့ လိုပါတယ်။ 

Educational Psychology ကို အသုံးချခြင်းရဲ့ အကျိုးကျေးဇူးများ 

Educational Psychology ကို အကျိုးရှိရှိ အသုံးချဖြစ်မယ်ဆိုရင် သင်ယူသူအတွက်လည်း ပိုမို နားလည်သဘောပေါက်ပြီး အချိန်ပေးရကျိုးနပ်တဲ့ သင်ယူမှုတခုကို ရနိုင်မှာ ဖြစ်သလို သင်ကြားသူနဲ့ သင်ယူသူအကြား အဆင်ပြေ ချောမွေ့စေမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သင်ကြားမှု တခုကို ပိုမိုထိရောက်စေဖို့ ကူညီနိုင်မယ့် နည်းလမ်းတွေကို Educational Psychology ကနေ လေ့လာနိုင်မှာ ဖြစ်ပါတယ်။ 

ဒါတင်မကပဲ မွေးရာပါ ချို့ယွင်းချက် တခုခုကြောင့် ဒါမှမဟုတ် လူမှုရေးဆိုင်ရာ၊ ကျန်းမာရေး ဆိုင်ရာ ပြဿနာ တခုခုကြောင့် သင်ကြားမှု အခက်အခဲ ရှိနေသူတွေအတွက်လည်း Educational Psychology က အကောင်းဆုံး ကူညီနိုင်မှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် စာဖတ်ခြင်းကို ကောင်းစွာ မလုပ်နိုင်သူတွေအတွက် သင့်တော်မယ့် နည်းလမ်းများ၊ စာရေးသားခြင်းမှာ အခက်အခဲ ရှိသူတွေ အတွက် ကူညီပေးနိုင်မယ့် နည်းစနစ်တွေကို လေ့လာရာမှာလည်း Educational Psychology ရဲ့ နည်းစနစ်တွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 

ပညာရေး စိတ်ပညာ ဟာ သင်ကြားမှုဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းပေးနိုင်သလို သင်ခန်းစာတွေကို ပိုမိုကောင်းမွန်အောင် ဖန်တီးပေးနိုင်တဲ့ စိတ်ပညာရဲ့ ဘာသာရပ်အခွဲ တခုဖြစ်တာကြောင့် အသက်အရွယ်မရွေး လူတိုင်းအတွက် လိုအပ်တဲ့ စိတ်ပညာတခု လို့ ပြောနိုင်ပါတယ်။ Call Me Today မှာဆိုရင် Educationall Psychology အပါအဝင် တခြားသော စိတ်ပညာရပ်တွေကို တတ်ကျွမ်းနားလည်တဲ့ ပညာရှင်တွေ ရှိတာကြောင့် သင့်အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေခံစားနေရတယ်ဆိုရင် Call Me Today မှတဆင့် ကျွမ်းကျင် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်