Search on this blog

Search on this blog

game addiction

ဒစ်ဂျစ်တယ် ခေတ်ကို ကူးပြောင်းလာပြီးနောက်မှာ screen တွေရဲ့ လွှမ်းမိုးမှုတွေက ကြီးသထက် ကြီးလာခဲ့ပြီး အထူးသဖြင့် လူငယ်တွေမှာ သက်ရောက်မှု များစွာ ရှိနေပါတယ်။ အဓိကအားဖြင့် လူငယ်တွေဟာ ဂိမ်းကို မဆော့ရ မနေနိုင်တဲ့အထိ စွဲလမ်းလာကြပြီး ဂိမ်းမဆော့ဖြစ်အောင် ထိန်းချုပ်ဖို့ ခက်ခဲတာတွေ၊ ပတ်ဝန်းကျင်နဲ့ တခြားသူတွေအပေါ်မှာ စိတ်ဝင်စားမှု လျော့နည်းပြီး ဂိမ်းထဲမှာပဲ အချိန်ပြည့် စိတ်နှစ်ထားတာတွေ ရှိနေကြပါပြီ။ 

ဂိမ်းစွဲလမ်းခြင်း နဲ့ ဦးနှောက်ဖွံ့ဖြိုးမှု အပေါ် သက်ရောက်မှု အခြေအနေ 

ဂိမ်းကို နာရီပေါင်းများစွာ စွဲစွဲလမ်းလမ်း ဆော့ခြင်းက ဦးနှောက်နဲ့ အာရုံကြောစနစ်မှာ များစွာ သက်ရောက်မှု ရှိနေပါတယ်။ အထူးသဖြင့် ဆယ်ကျော်သက်အရွယ် လူငယ်တွေရဲ့ ဦးနှောက်နဲ့ အာရုံကြော စနစ်ဟာ ဖွံ့ဖြိုးဆဲကာလ ဖြစ်တာကြောင့် ဂိမ်းစွဲလမ်းမှုရဲ့ သက်ရောက်မှုတွေကို ပိုပြီး သိသိသာသာ တွေ့ရမှာ ဖြစ်ပါတယ်။ ဂိမ်း ဒါမှမဟုတ် screen time အလွန်များခြင်းက လူငယ်တွေရဲ့ ဦးနှောက်တည်ဆောက်မှု မှာ ချို့ယွင်းမှု ဖြစ်စေပြီး နောက်ဆက်တွဲ အနေနဲ့ ကျိုးကြောင်းဆင်ခြင် တွေးခေါ်နိုင်စွမ်းကျဆင်းခြင်းနဲ့ ဆုံးဖြတ်ချက် ချနိုင်စွမ်းတွေမှာ ထိခိုက်နိုင်ပါတယ်။ 

ဒါတင်မကပဲ ဂိမ်း စွဲလမ်းမှု မြင့်တက်ခြင်းက အာရုံစူးစိုက်မှု ကျဆင်းတဲ့ ပြဿနာတွေ၊ သင်ကြားရေးပိုင်းဆိုင်ရာ ပြဿနာတွေကို ကြုံတွေ့ရနိုင်တာကြောင့် စာသင်ကြားနေစဥ် လူငယ်အရွယ်မှာ များစွာ သက်ရောက်မှုရှိနေနိုင်တာကို တွေ့ရပါတ​ယ်။ ဘာသာစကားကို လေ့လာသင်ယူနေဆဲ ကလေးတွေမှာ ဆိုရင်လည်း ဂိမ်းနဲ့ screen time အသုံးများခြင်းက ဘာသာစကား လေ့လာသင်ယူရာမှာ နှောင့်နှေးနိုင်သလို မိဘနဲ့ ပတ်ဝန်းကျင်ဆီကနေ  သင်ယူမှု အားနည်း တာကိုလည်း တွေ့ရပါတယ်။  

စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ အနေနဲ့ ဂိမ်းကို အချိန်ကြာကြာ ဆော့ရာကနေ စိုးရိမ်ပူပန်တာ၊ ဆတ်ဆတ်ထိမခံအောင် စိတ်တိုတာ၊ စိတ်ခံစားချက်ကို ထိန်းချုပ်ရခက်ခဲတာတွေ ဖြစ်စေတဲ့အပြင် စိတ်ဖိစီးမှုနဲ့အတူ stress hormone ကို ထွက်စေတာကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဥ်တွေကို များစွာ သက်ရောက်မှု ရှိစေနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ပိုဆိုးလာချိန်မှာတော့ နောက်ဆက်တွဲ အနေနဲ့ စိတ်ဓါတ်ကျတာ၊ ကိုယ့်ကိုကိုယ် ယုံကြည်မှု ကျဆင်းတာ၊ လူမှုဆက်ဆံရေးမှာ ထိခိုက်တာအပြင် တခါတရံမှာ ကိုယ့်ကိုကိုယ် နာကျင်အောင် ပြုမူမိတာ၊ ကိုယ့်ကိုကိုယ် အဆုံးစီရင်တာတွေ အထိ ဖြစ်နိုင်ချေ ရှိတာကို တွေ့ရပါတယ်။ 

စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဆိုးရွားပြင်းထန်လာချိန်မှာ နောက်ထပ်အတူယှဥ်တွဲ တွေ့ရမှာကတော့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ တွေ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ဂိမ်းစွဲလမ်းခြင်းကြောင့် အိပ်စက်ချိန် နည်းတာတွေ၊ အိပ်စက်ရခက်ခဲတာတွေနဲ့ အချိန်မှန်မှန် မအိပ်စက်တာတွေ ရှိနိုင်ပြီး ဒါတွေကလည်း ကျန်းမာရေးနဲ့ မှတ်ဉာဏ်ကို များစွာ သက်ရောက်မှု ရှိနေနိုင်ပါတယ်။ ဒီအချိန်မှာ အဝလွန်ခြင်း၊ သွေးတွင်း အဆီများခြင်းအပြင် ဇီဝကမ္မဆိုင်ရာ ပြောင်းလဲမှုတွေကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ရောဂါပေါင်းစုံ ဝင်လာတတ်ပါတယ်။ 

လူငယ်တွေ ဂိမ်းစွဲလမ်းရခြင်း အကြောင်းရင်းများ 

(၁) စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များ 

စိတ်ပညာရဲ့ Self-determination theory အရ Autonomy (ကိုယ်ပိုင်လွတ်လပ်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်)၊ Competence (လုပ်ဆောင်နိုင်မှု၊ စွမ်းဆောင်နိုင်မှု) နဲ့ Relatedness (ချိတ်ဆက်နိုင်မှု) စတဲ့ အရာတွေဟာ လူသားတိုင်း လိုအပ်တဲ့ အခြေခံအချက်တွေ ဖြစ်ပါတယ်။ လူငယ်တွေဟာ တကယ်လက်တွေ့ဘဝမှာ ဂိမ်း နဲ့ ဆိုရှယ်မီဒီယာကနေ ဒီ အရာ သုံးခုကို အလွယ်တကူ ရနိုင်တဲ့အခါမှာ ဂိမ်းကို စွဲစွဲလမ်းလမ်း ဆော့ဖြစ်လာကြပါတယ်။ ဒါဟာ တနည်းအားဖြင့် လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်ကြောင့် ဖြစ်လာတဲ့ စွဲလမ်းမှု တစ်ခုလို့ ပြောနိုင်ပါတယ်။ ဒီလိုမျိုး စိတ်ပိုင်းဆိုင်ရာအားဖြင့် စွဲလမ်းမှု ဖြစ်လာရာကနေ တဖြေးဖြေးနဲ့ ခန္ဓာကိုယ်ကပါ လိုလားတောင့်တလာချိန်မှာတော့ စွဲလမ်းမှုတွေဟာ ပိုပြင်းထန်လာနိုင်ပြီး အခြေအနေ ဆိုးတဲ့အထိ ဖြစ်လာနိုင်ပါတယ်။ 

(၂) ပတ်ဝန်းကျင် အနေအထား 

တခါတရံမှာ မိသားစု ပတ်ဝန်းကျင်ရဲ့ ဖိအားပေးမှုတွေကြောင့် ဖြစ်လာတဲ့ စိတ်ဖိစီးမှုကို လျှော့ချဖို့အတွက် လူငယ်တွေဟာ ဂိမ်းကို စွဲလမ်းစွာ ဆော့ဖြစ်ကြသလို ပတ်ဝန်းကျင်ရဲ့ ဖိအားတွေနဲ့ အမြင်မကြည်မှုတွေကြောင့်လည်း လူငယ်တွေဟာ ဂိမ်းရဲ့ သားကောင်တွေ ဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် ဆယ်ကျော်သက်အရွယ်မှာ မိဘတွေနဲ့ အဆင်မပြေတာတွေ၊ အရွဲ့တိုက်တာတွေ ကနေ ဂိမ်းကို အချိန်ပြည့်ဆော့ဖြစ်လာတာကလည်း ဂိမ်း စွဲလမ်းမှုရဲ့ အကြောင်းရင်းတချို့ ဖြစ်ပါတယ်။ ဒါတင်မကပဲ အတူနေ သူငယ်ချင်း မိတ်ဆွေတွေနဲ့ အဖော်ပြုပြီး ဂိမ်းဆော့ ပေးတာ၊ တခြားသူတွေရဲ့ ဆွဲဆောင်မှုနောက်ကို လိုက်ဖြစ်တာ တွေကလည်း အစပြုရာကနေ စွဲလမ်းတဲ့အထိ ဂိမ်းဆော့ဖြစ်တဲ့ အကြောင်းရင်းတွေ ဖြစ်ပါတယ်။  

(၃) ပြင်ပ လောကနဲ့ ထိတွေ့မှု နည်းခြင်း 

တချို့သော လူငယ်တွေဟာ ပတ်ဝန်းကျင်နဲ့ ထိတွေ့မှု နည်းသလို တဦးတည်း သီးသန့် အချိန်ကုန်ဆုံး ဖြစ်တဲ့အခါ ဂိမ်းကို အဖော်ပြုလေ့ရှိကြပါတယ်။ အထူးသဖြင့် အားကစားနဲ့ ပုံမှန် ကိုယ်လက်လှုပ်ရှားမှုတွေကို မလုပ်ဖြစ်ဘူး  ၊ ပုံမှန် တခုခုကိုလည်း သင်ယူလေ့လာနေတာမျိုး မလုပ်ဖြစ်တဲ့ လူငယ်တွေ အနေနဲ့ စိတ်ဖြေဖျောက်ဖို့အတွက် ဂိမ်းကို အချိန်ပေးဆော့ဖြစ်ကြသလို စွဲလမ်းတဲ့ အဆင့်အထိ ဖြစ်လာနိုင်ပါတယ်။ 

လူငယ်တွေကြား ဂိမ်းစွဲလမ်းခြင်းဟာ  မူးယစ် ဆေးဝါး စွဲလမ်းခြင်းကဲ့သို့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေများစွာ ရှိနိုင်တဲ့အပြင် ရေရှည်မှာ စိိတ်ကျန်းမာရေးကိုပါ ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်တာကြောင့် ကြိုတင် သတိပြုနိုင်စေဖို့ မျှဝေလိုက်ရပါတယ်။ သင့်အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ရင်ဆိုင်နေရတယ်၊ စိတ်ပိုင်းဆိုင်ရာ အကူအညီ လိုအပ်တယ်ဆိုရင် Call Me Today မှတဆင့် ကျွမ်းကျင် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။