Search on this blog

Search on this blog

pefectionism

ဟာကွက်မရှိလောက်အောင် အစစအရာရာမှာ ပြီးပြည့်စုံချင်တယ်၊ တခြားသူတွေရဲ့ ထောက်ပြ ဝေဖန်တာကို မခံရအောင် ကိုယ့်ရဲ့ အစွမ်းအစကို ပြသချင်တယ်။ ဒီလို စိတ်ဆန္ဒကို perfectionism လို့ ပြောပြီး ဒီလို စိတ်ဆန္ဒဟာ တခါတရံမှာ ကိုယ့်ရဲ့ တကိုယ်ရေ ဖွံ့ဖြိုးတိုးတက်မှု၊ အလုပ်ပြီးမြောက်မှုနဲ့ စိတ်ကျန်းမာရေး စတာတွေ အပေါ်မှာ သက်ရောက်မှု ရှိလာနိုင်ပါတယ်။ ဒီအကျိုးသက်ရောက်မှုတွေအကြောင်းနဲ့ ဒီစိတ်ဆန္ဒကို အကောင်းဆုံး လွှတ်ချနိုင်ဖို့ အသုံးဝင်မယ့် အချက်တွေကို ဒီကနေ မျှဝေပေးချင်ပါတယ်။ 

အရာရာပြီးပြည့်စုံလိုစိတ်ကြောင့် ဖြစ်လာနိုင်တဲ့ အကျိုးဆက်များ 

(၁) ကျရှုံးမှုကို ကြောက်ရွံ့ခြင်း 

အမြဲ နေရာတိုင်းမှာ ပြီးပြည့်စုံခြင်းကိုပဲ လိုလားတောင့်တကြသူတွေဟာ ကျရှုံးမှုနဲ့ အဆင်မပြေမှုတွေကို ငြင်းဆန်လေ့ရှိကြပြီး ကြောက်ရွံ့တတ်ကြပါတယ်။ ဒါ့ကြောင့် ကျရှုံးမယ့် အရိပ်အယောင်မြင်တာနဲ့ ရွေ့ဆိုင်းတာမျိုး၊ တိမ်းရှောင်တာမျိုးကို ပြုလုပ်တတ်ကြပါတယ်။ တချို့သော စိန်ခေါ်မှု အခက်အခဲတွေကို ရင်မဆိုင်ဖြစ်ကြသလို စွန့်စားရမယ့် ကိစ္စတွေကိုလည်း ရှေ့ဆက်တိုးဖို့ မဝံ့မရဲ ဖြစ်ကြပါတယ်။ ဒါ့ကြောင့်ပဲ တချို့သော ရှားပါးတဲ့ အခွင့်အရေးတချို့ကိုလည်း ဆုံးရှုံးရနိုင်ဖွယ် ရှိပါတယ်။ 

(၂) အလုပ်ပြီးမြောက်မှုနှုန်း နှေးခြင်း 

အရာရာမှာ အမှားအယွင်းကင်းစေလိုတဲ့ စိတ် ၊ အမြဲ ပြီးပြည့်စုံလိုတဲ့ စိတ်ကြောင့် အထပ်ထပ် စစ်ဆေးတာတွေကို အမြဲလုပ်ဖြစ်ကြသလို ခွဲခြမ်းစိတ်ဖြာ ခြင်း၊ အသေးစိတ် ပြုပြင် ပြင်ဆင်နေရခြင်း တို့ကြောင့် အလုပ်မတွင် ဖြစ်တတ်လေ့ရှိပါတယ်။ များသောအားဖြင့် ဒီလို လူတွေဟာ အလုပ်ပြီးမြောက်မှုနှုန်း နှေးတတ်ပြီး မပြီးဆုံးနိုင်တဲ့ အကြိမ်ကြိမ် စစ်ဆေးခြင်း သံသရာထဲမှာ လည်ပတ်နေလေ့ ရှိပါတယ်။ 

(၃) စိတ်ဖိစီးမှုများခြင်း 

Perfectionist တွေအနေနဲ့ ပြီးပြည့်စုံလိုတဲ့ စိတ်ဆန္ဒတွေနဲ့ အလုပ်လုပ်ရတဲ့အခါမှာ အလုပ်မှာ အမှားပါမှာ စိုးရိမ်တဲ့စိတ်၊ တခြားသူ တဦးရဲ့ ဝေဖန်ခံရမှာကို တွေးပူတတ်တဲ့စိတ်၊ အလုပ်ကနေ ရလဒ်ကောင်းတွေကိုပဲ မျှော်မှန်းတောင့်တ တတ်တဲ့ စိတ်တွေကြောင့် စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို အမြဲလိုလို ခံစားရနိုင်ပါတယ်။ ဒီလို စိတ်ဖိစီးမှုတွေကြောင့် အချိန်ကြာလာတာနဲ့ အမျှ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာမှာပါ ဆိုးကျိုးများစွာ သက်ရောက်မှု ရှိနိုင်ပါတယ်။ 

(၄) စံနှုန်းသတ်မှတ်မှု များခြင်း 

Perfectionist တစ်ယောက်အနေနဲ့ လူမှုရေး၊ ပညာရေး၊ စီးပွားရေး စတဲ့အပိုင်းတွေနဲ့ ဘဝတိုးတက်ရေးအပိုင်း စတာတွေမှာ သာမန်ထက် စံနှုန်းသတ်မှတ်မှု မြင့်လေ့ ရှိကြပါတယ်။ ဒီအချိန်မှာ လူအများနဲ့ ပေါင်းသင်းဆက်ဆံရာမှာ အခက်အခဲရှိတာ၊ အများစုရဲ့ စံသတ်မှတ်နှုန်းတွေနဲ့ ကိုယ်ပိုင်စံနဲ့ လွဲချော်တာတွေလည်း ဖြစ်နိုင်ပါတယ်။ 

(၅) စိတ်ဓါတ်ကျလွယ်ခြင်း 

အရာရာမှာ ပြီးပြည့်စုံချင်စိတ်များတဲ့ လူတစ်ယောက်ဟာ သာမန် အဆင်မပြေမှုနဲ့ ကျရှုံးမှုတွေကို လက်ခံနိုင်စွမ်း အားနည်းလေ့ ရှိပါတယ်။ ဒီအချိန်မှာ စိတ်ဓါတ်ကျလွယ်တာ၊ ကိုယ့်ကိုကိုယ် ယုံကြည်မှု ပျောက်ဆုံးတာ၊ ကြံ့ကြံ့ခံစိတ် မရှိတာ စတာတွေ ခံစားရနိုင်ပြီး ကိုယ့်ရဲ့ အရည်အချင်းနဲ့ လုပ်ဆောင်နိုင်စွမ်းတွေက လုံလောက်မှု မရှိဘူးလို့ တွေးထင်လေ့ရှိကြပါတယ်။ ဒါ့ကြောင့် နောက်ဆက်တွဲ စိတ်ကျန်းမာရေး ပြဿနာများစွာကို ရင်ဆိုင်ရလေ့ ရှိပါတယ်။ 

အရာရာမှာ ပြီးပြည့်စုံလိုတဲ့ စိတ်ဆန္ဒကို လွှတ်ချနိုင်မယ့် နည်းလမ်းများ 

(၁) လူတိုင်းက မပြည့်စုံနိုင်ကြောင်း လက်ခံပါ

လူတိုင်းက အမှားနဲ့ မကင်းလေ့ရှိကြသလို လိုအပ်ချက်နဲ့ အမှားတွေကနေ သင်ခန်းစာယူရတာ လောကရဲ့ သဘာဝ ဖြစ်ရပ်တခု ဖြစ်ပါတယ်။ ဒါ့ကြောင့် သင်အပါအဝင် လူတိုင်းက တခါတည်းနဲ့ အလုံးစုံ မပြည့်စုံနိုင်ပါဘူး၊ နေ့စဥ် သင်ယူရမယ်၊ အမှားတွေကို လက်ခံနိုင်စွမ်း ရှိရမယ်၊ ရှုံးနိမ့်မှုနဲ့ စိန်ခေါ်မှုတွေကို ကြိုဆိုရင်း ပိုကောင်းတဲ့ နေ့ရက်တွေအတွက် ကြိုးစားရမယ် ဆိုတဲ့ အတွေး ရှိထားဖို့ လိုပါတယ်။ 

(၂) လက်တွေ့ကျတဲ့ မျှော်မှန်းချက်တွေကို ထားပါ

တခါတရံမှာ ကိုယ့်ရဲ့ မျှော်မှန်းချက်တွေ၊ ပန်းတိုင်တွေဟာ ကိုယ့်ရဲ့ လုပ်ဆောင်နိုင်စွမ်း၊ လက်ရှိအခြေအနေနဲ့ မကိုက်ညီတာ ဖြစ်နိုင်ပါတယ်။ ကိုယ့်ရဲ့ လက်တွေ့နဲ့ ဝေးကွာတဲ့ မျှော်မှန်းချက် ပန်းတိုင်တွေကို မရရှိတာကြောင့် စိတ်ပျက်အားငယ်ခြင်း၊ ကိုယ့်ကိုကိုယ် အပြစ်တင်ခြင်းက ကိုယ်တိုင်ရဲ့ လေးစားတန်ဖိုးထားမှုကို လျော့ကျနိုင်တာကြောင့် ဖြစ်နိုင်တဲ့ အနီးစပ်ဆုံး မျှော်လင့်ချက်ပန်းတိုင်တွေကနေ စတင်ဖို့ အရေးကြီးပါတယ်။ 

(၃) အဆိုးဆုံးအခြေအနေကိုလည်း ကြိုတွေးထားပါ

လူတိုင်းက အကောင်းဆုံးဆိုတဲ့ ရလဒ်တွေကို မျှော်လင့်ကြပေမယ့် တခါတရံမှာ မထင်ထားတဲ့ အဆိုးဆုံး အခြေအနေ တွေကို ကြုံတွေ့ရနိုင်ပါတယ်။ ဒါကို ကြိုတင် မျှော်မှန်းထားမယ်ဆိုရင် ခံနိုင်ရည်စိတ်ဓါတ် သန်မာလာမှာ ဖြစ်သလို အရှုံးအတွက် စိတ်ကို ကြိုတင် ပြင်ဆင်ထားနိုင်မှာ ဖြစ်ပါတယ်။ ဒါတင်မကပဲ တခြားနည်းလမ်းတွေကိုပါ ကြိုတင် အစီအစဥ်ဆွဲထားနိုင်မှာလည်း ဖြစ်ပါတယ်။ 

(၄) အောင်မြင်မှု အသေးလေးတွေကိုလည်း အသိအမှတ်ပြုပါ 

ကျရှုံးမှု၊ အဆင်မပြေမှု၊ လိုအပ်ချက် နဲ့ ချို့ယွင်းချက်ရှိမှု စတဲ့ အချက်တွေကိုပဲ ထည့်တွက်နေမယ့်အစား ကိုယ့်ရဲ့ လုပ်ဆောင်နိုင်စွမ်း၊ ကိုယ့်ရဲ့ အစွမ်းအစ၊ ကိုယ်လုပ်ဆောင်နိုင်ခဲ့တဲ့ အောင်မြင်မှုအသေးလေးတွေကိုလည်း ကိုယ်တိုင်ဂုဏ်ယူတတ်ဖို့ လိုပါတယ်။ ဒါက ကိုယ့်ကိုကိုယ် ယုံကြည်မှုကို တိုးတက်စေနိုင်မှာ ဖြစ်သလို စိတ်ပိုင်းဆိုင်ရာအားဖြင့်လည်း ကောင်းကျိုးများစွာ ရနိုင်ပါတယ်။ 

(၅) အချိန်ကန့်သတ်မှု ထားပါ 

အလုပ်တွေကို အစစအရာရာ အဆင်ပြေပြီး ပြီးပြည့်စုံလိုစိတ်ဟာ အချိန်မှီ အလုပ်ပြီးမြောက်နိုင်စွမ်းကို ကျဆင်းနိုင်ပါတယ်။ ဒါကို ကာကွယ်ဖို့အတွက် နည်းလမ်းတခုကတော့ ကိုယ်လုပ်တဲ့ ဘယ်အလုပ်ကိုမဆို ပြီးမြောက်ရမယ့် အချိန် (deadline) ထားပြီး လုပ်တတ်အောင် လေ့ကျင့်ထားဖို့ အရေးကြီးပါတယ်။ 

အရာရာ ပြီးပြည့်စုံလိုစိတ်ဟာ သင့်ရဲ့ အရည်အချင်းကို ပိုမိုတိုးတက်စေနိုင်တယ်၊ အလုပ်လုပ်ရာမှာ တိကျမှုအားကောင်းစေတယ်၊ တခြားသူများနဲ့မတူ တမူထူးခြားတဲ့ ရလဒ်နဲ့ အောင်မြင်မှုကို ရစေနိုင်တယ် စတဲ့ ကောင်းကျိုးတွေ ရှိတယ်ဆိုပေမယ့် ဒီိစိတ်ဆန္ဒလွန်ကဲတဲ့ အခါမှာလည်း တခြားနောက်ဆက်တွဲ ဆိုးကျိုးနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ရှိနိုင်တာကြောင့် ဒီစိတ်ဆန္ဒကို လိုတာထက်ပိုပြီး မဖမ်းဆုတ်မိစေဖို့ ရည်ရွယ်ရင်း မျှဝေလိုက်ရပါတယ်။ သင့်အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေခံစားနေရတယ်ဆိုရင် Call Me Today မှတဆင့် ကျွမ်းကျင် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။ 

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်