Search on this blog

Search on this blog

2149692382

ကြောက်ရွံခြင်းနဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို နေ့စဉ်ဘဝမှာ ခံစားရလေ့ ရှိကြပြီး ဒီလို စိတ်ပူပန်မှုတွေကို ပုံစံ အမျိုးမျိုးနဲ့ ခံစားရလေ့ရှိပါတယ်။ စိတ်ပူပန်ခြင်း အမျိုးအစား တစ်ခုချင်းစီရဲ့ လက္ခဏာတွေနဲ့ ဖြစ်ပေါ်လာတဲ့ ပုံစံတွေကလည်း ကွဲပြားနိုင်ပါတယ်။ ဒီလို ကွဲပြားသွားတာနဲ့ အမျှ ကုသမှုပုံစံတွေနဲ့ ဖြေရှင်းနည်းတွေကလည်း မတူညီနိုင်ပါဘူး။ ဒါ့ကြောင့် စိုးရိမ်ပူပန်ခြင်း အမျိုးအစားများ ( Anxiety Types) အကြောင်းကို မျှဝေပေးချင်ပါတယ်။ 

(၁) အကြောက်လွန်ခြင်း ဝေဒနာ (Panic Disorder)

မမျှော်လင့်ထားတဲ့ အခြေအနေတခုမှာ အလွန်အမင်း ကြောက်ရွံခြင်းကို ခံစားရတယ်၊ ဆက်တိုက်ဆိုသလို ကြောက်ရွံ့ခြင်း ဖြစ်နေတယ်ဆိုရင် ဒါဟာ အကြောက်လွန်ခြင်း ဝေဒနာ (Panic Disorder) ဖြစ်နိုင်ပါတယ်။ လက္ခဏာတွေကတော့ ရုတ်တရက် နှလုံးခုန်နှုန်းမြန်တာ၊ အသက်ရှုမဝတာ၊ ရင်ဘက်အောင့်တာ၊ ချွေးစေးပြန်တာနဲ့ မူးဝေတာတွေကို ကြုံတွေ့ရနိုင်ပါတယ်။ ဥပမာအားဖြင့် ထူးခြားတဲ့ အကြောင်းရင်းမရှိပေမယ့် ရုတ်တရက် တစုံတရာ အန္တရာယ်ကို တွေးမိပြီး ကြောက်ရွံ့တာမျိုးဟာ Panic Disorder ကြောင့် ဖြစ်နိုင်ပါတယ်။ 

(၂) စိုးရိမ်ပူပန်မှု လွန်ကဲခြင်း ဝေဒနာ (Generalized Anxiety Disorder (GAD)

တခါတရံမှာ အကြောင်းရင်းတစုံတရာ ထူးထူးခြားခြား မရှိပေမယ့် အမြဲလိုလို စိုးရိမ်ပူပန်တာတွေ ကြုံဖူးကြမှာပါ။ အလုပ်မှာ၊ လူမှုဆက်ဆံရေးနဲ့ သင်ကြားရေးအပိုင်းတွေမှာ ဒီလို မကြာခဏ စိုးရိမ်ပူပန်မှုတွေ ဖြစ်နေပြီး ဒါဟာ အချိန်ကြာကြာ ခံစားနေရမယ် ဆိုရင် GAD လို့ခေါ်တဲ့ စိုးရိမ်ပူပန်မှု လွန်ကဲခြင်း (Generalized Anxiety Disorder) ဖြစ်နိုင်ပါတယ်။ လက္ခဏာတွေကတော့ စိတ်ရှုပ်ထွေးနေမယ်၊ ကဏှာမငြိမ်ဖြစ်မယ်၊ အာရုံစူးစိုက်နိုင်စွမ်းကျမယ်၊ မောပန်းမယ်၊ အိပ်စက်ချိန်တွေ ပုံမမှန်ဖြစ်မယ် စတာတွေ ဖြစ်နိုင်ပြီး  စိတ်ခံစားချက်တွေကိုလည်း ထိန်းချုပ်နိုင်စွမ်း လျော့နည်းလာမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ကိုယ့်မှာ ပုံမှန် ဝင်ငွေ ရှိနေပါရက်နဲ့ ငွေကြေးကိစ္စနဲ့ ပတ်သက်ပြီး အချိန်ပြည့် စိုးရိမ်ပူပန်နေတာဟာ GAD ခံစားနေရတာကြောင့် ဖြစ်နိုင်ပါတယ်။ 

(၃) လူမှုဆက်ဆံရေးဆိုင်ရာ စိတ်ပူပန်မှု ဝေဒနာ (Social Phobia) 

တခါတရံမှာ လူအများနဲ့ ဆက်ဆံတဲ့အခါ၊ လူမှုပတ်ဝန်းကျင်မှု ဘဝမှာ စကားပြောဆို ဆက်သွယ်ရာမှာ ဖြစ်ပေါ်လာတဲ့ စိတ်ပူပန်မှုတွေကို တော့ Social Phobia လို့ ပြောပါတယ်။ ဥပမာအားဖြင့် တစုံတယောက်က ကိုယ့်အပေါ် ဝေဖန်မှာ၊ စော်ကားပြောဆိုမှာ၊ လူအများကြား အရှက်ရမှာ စတာတွေကို တွေးပူပြီး ပူပန်ရတာဟာ Social Phobia ပဲ ဖြစ်ပါတယ်။ လက္ခဏာတွေအနေနဲ့ တခြားသူတွေ ရှေ့မှာ စကားပြောမှားတာ၊ မျက်နှာနီရဲတာနဲ့ ချွေးစေးပြန်တာတွေနဲ့ လူအများရှေ့ စားသောက်ရမှာ ခက်ခဲတာတွေ ဖြစ်နိုင်ပါတယ်။ တချို့လူတွေဟာ Social Phobia ကြောင့် ပွဲလမ်းသဘင်တွေ ရှောင်တာတွေ၊ လူအများကြား မသွားလိုတာတွေ ဖြစ်နိုင်ပါတယ်။ 

(၄) တစုံတရာကို အကြောက်လွန်ခြင်း (Specific Phobias) 

လူတိုင်းမှာ သူတို့ ကြောက်ကြတဲ့ တစုံတရာဆိုတာ ရှိပါတယ်။ ဥပမာ တချို့က အမြင့်ကြောက်တယ်၊ တချို့က အကောင်သေးလေးတွေ အင်းဆက်တွေကို ကြောက်တယ်၊ တချို့က လေယာဥ်စီးရမှာ ကြောက်တယ်၊ စသဖြင့် မတူကွဲပြားတဲ့ ကြောက်ရွံ့မှု ပုံစံတွေ ရှိကြပါတယ်။ ဒါကိုတော့ Specific Phobias လို့ ပြောပါတယ်။ ဒီလို ကိုယ်ကြောက်တဲ့ တစုံတခုကို ထိတွေ့ရတဲ့အခါ အလွန်အမင်း ကြောက်ရွံ့တာ၊ စိတ်ပူပန်တာ၊ ချွေးစေးပြန်တာ၊ နှလုံးခုန်မြန်တာတွေ ဖြစ်နိုင်ပြီး ဒီအရာကို ရှောင်တိမ်းဖို့ ကြိုးစားလေ့ရှိကြပါတယ်။ 

(၅) အစွဲလမ်းလွန် စိတ်ဝေဒနာ Obsessive-Compulsive Disorder (OCD) 

တစုံတခုကို မတွေးရမနေနိုင်တဲ့ စွဲလမ်းမှုကို ခံစားရပြီး ဒီစွဲလမ်းမှုကြောင့်ပဲ ဆက်တိုက်ဆိုသလို အပြုအမူတခုကို လုပ်ဖြစ်နေတာဟာ အစွဲလမ်းလွန် စိတ်ဝေဒနာလို့ ပြောတဲ့ Obsessive-Compulsive Disorder OCD ကြောင့် ဖြစ်ပါတယ်။ ဥပမာအားဖြင့် လက်ကို မကြာခဏ ဆေးဖြစ်နေတာ၊ အသန့်ကြိုက်လွန်းတာ၊ တစုံတခုကို ထပ်ခါထပ်ခါ ရေတွက်တာ ၊ စိတ်မအေးနိုင်ပဲ တခုခုကို ခဏခဏ စစ်ဆေးဖြစ်တာတွေဟာ OCD ရဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။ 

(၆) စိတ်ဒဏ်ရာကြောင့် စိုးရိမ်ပူပန်မိခြင်း (Post Traumatic Stress Disorder) PTSD 

စိတ်ထိခိုက်ဖွယ်ရာ နာကျင်စရာ အခိုက်အတန့်၊ အဖြစ်အပျက်တခုကို ကြုံတွေ့ရပြီးနောက် စိုးရိမ်ပူပန်မှုကို ခံစားရတယ်ဆိုရင်တော့ ဒါကို post traumatic strss disorder (PTSD) လို့ ပြောပါတယ်။ PTSD ရဲ့ လက္ခဏာတွေကတော့ အဖြစ်အပျက်တွေကို ပြန်မြင်ယောင်တာ၊ အဖြစ်အပျက်အကြောင်း ညအိပ်မက်ဆိုးမက်တာ၊ စိတ်ဒဏ်ရာနဲ့ ပတ်သက်လာတဲ့ အကြောင်းအရာတွေကို ရှောင်ဖယ်တာ စတာတွေ ဖြစ်နိုင်ပြီး တခါတရံမှာ ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ကြုံတွေ့ရနိုင်ပါတယ်။ 

(၇) ခွဲခွာရခြင်းကြောင့် စိတ်ပူပန်ခြင်း ( Separation Anxiety Disorder) 

ချစ်ခင်ရတဲ့ ချစ်သူ၊ မိတ်ဆွေ၊ သူငယ်ချင်း၊ မိသားစုဝင်တစ်ယောက်ယောက်နဲ့ ခွဲခွာနေထိုင်ရတဲ့ အချိန်မှာ စိတ်မလုံခြုံမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို ခံစားရနိုင်ပြီး အထူးသဖြင့် ကလေးငယ်တွေနဲ့ မိဘတွေမှာ ခွဲခွာခြင်းကနေ အစပြုတဲ့ စိတ်ပူပန်မှု (Separation Anxiety Disorder) တွေကို ပိုကြုံတွေ့ရတတ်ပါတယ်။ ဥပမာအားဖြင့် မိဘတွေအနေနဲ့ အဝေးရောက်နေတဲ့ သားသမီးတွေအတွက် စိုးရိမ်ပူပန်တာ၊ ကလေးငယ်တွေအနေနဲ့ ကျောင်းကို တစ်ဦးတည်းသွားဖို့ ငြင်းဆန်တာတွေ ဖြစ်နိုင်ပြီး ဒီစိတ်ပူပန်မှု ပြဿနာဟာ တချို့သော ရုပ်ပိုင်းဆိုင်ရာ နာမကျန်းမှုတွေနဲ့ပါ ဆက်စပ်နေတာကို တွေ့ရပါတယ်။ 

(၈) လူထူထပ်တဲ့နေရာနဲ့ အလုံပိတ်နေရာတွေကို ကြောက်ရွံတဲ့ စိတ်ပူပန်မှု ပြဿနာ (Agoraphobia) 

တခါတရံမှာ မီးရထားလို  အလုံပိတ်နေရာတွေ၊ ဓါတ်လှေကားလို နေရာတွေမှာ ရှိနေချိန် စိတ်ပူပန်ပြီး မွန်းကြပ်မှုကို ခံစားရတာတွေ လူပိတ်ကြပ်လွန်းတဲ့ နေရာတွေ၊ လူများလွန်းတဲ့ နေရာတွေမှာ စိတ်ပူပန်မှု ခံစားရတာတွေ ကြုံဖူးကြမယ် ထင်ပါတယ်။ ဒါဟာ Agoraphobia လို့ခေါ်တဲ့ စိတ်ပူပန်မှု ပြဿနာ ဖြစ်ပါတယ်။ ဒီလို စိတ်ပူပန်မှုကို ခံစားရသူတွေဟာ တစ်ယောက်တည်း နေရတဲ့ အခြေအနေတွေကို ငြင်းပယ်တာ၊ လူအများသုံး သယ်ယူပို့ဆောင်ရေးတွေကို ရှောင်တာတွေဖြစ်တတ်ပြီး အကြပ်အတည်းကြုံတွေ့ချိန်မှာ စိုးရိမ်စိတ်နဲ့ လွတ်မြောက်လိုစိတ် ပြင်းပြကြလေ့ရှိပါတယ်။  

စိတ်ပူပန်မှုတွေကို လူတိုင်းနီးပါး ခံစားဖူးကြပေမယ့် ဖြစ်ရတဲ့ အကြောင်းရင်းတွေ မတူသလို ကွဲပြားတဲ့ အမျိုးအစားတွေ များစွာရှိကြပါတယ်။ အမျိုးအစားလိုက် ပြင်းထန်ပုံခြင်း မတူညီသလို တချို့သော စိတ်ပူပန်မှုတွေအတွက် စနစ်တကျ အဖြေရှာ ကုသဖို့ လိုသလို စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်တဲ့ သေချာတိုင်ပင်ဆွေးနွေးဖို့လိုပါတယ်။ 

သင့်အနေနဲ့ စိတ်ပူပန်မှုဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေခံစားနေရတယ်ဆိုရင် Call Me Today မှတဆင့် ကျွမ်းကျင် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်