
ဇနီးမောင်နှံတွေ အနေနဲ့ နှစ်ဦးသဘောတူ ရင်သွေးယူခဲ့ကြပေမယ့် အခြေအနေ အကြောင်းတခုခုကြောင့် ကွာရှင်းပြတ်စဲကြတဲ့အခါ ကလေးရဲ့ အနာဂတ်ကို စီမံဖို့အတွက် နှစ်ဦးလုံးမှာ တာဝန်ဆက်လက် ရှိနေဆဲ ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ကိုယ်စီ သီးခြားနေထိုင်ဖို့ ဖြစ်လာပေမယ့် နှစ်ဦးသဘောတူ ကလေးကို ဆက်လက် ပြုစုပျိုးထောင်မယ် (co-parenting) လုပ်မယ်ဆိုရင် သတိပြုသင့်တဲ့ အချက်တွေကို မျှဝေပေးချင်ပါတယ်။
(၁) ကလေးရဲ့ လိုအပ်ချက်ကို ဦးစားပေးပါ
ကလေးအတွက် လက်ရှိမှာ ဘယ်လို အခြေအနေက အလိုအပ်ဆုံးဖြစ်မလဲ ၊ ဘယ်သူရဲ့ အုပ်ထိန်းမှုက အကောင်းဆုံးဖြစ်မလဲ၊ ကလေးရဲ့ လိုအပ်ချက်အရ နှစ်ဦးသဘောတူ ဘာတွေ ညှိနှိုင်းရမလဲ ဆိုတာကို ဦးစားပေး ဆုံးဖြတ်ဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် ကိုယ့်ရဲ့ ခံစားချက်ကို ရှေ့တန်းတင်မိရာကနေ ကလေးအတွက် လိုအပ်မှုတွေ၊ ချို့ယွင်းချက်တွေ ရှိနိုင်မှာကို အထူးသတိပြု ဆင်ခြင်ရမှာ ဖြစ်ပါတယ်။
(၂) ရှင်းလင်းတဲ့ ဆက်သွယ်မှု ပြုလုပ်ပါ
ရှေ့ဆက်ဖို့ မဖြစ်နိုင်တော့တဲ့ အနေအထားတခုမှာ လက်တွဲဖြုတ်ခဲ့ကြပေမယ့် ကလေးနဲ့ ပတ်သက်တဲ့ တာဝန် ယူမှုနဲ့ ညှိနှိုင်းမှုတွေကို အတူတကွ ပြုလုပ်ဖို့အတွက် ရှင်းလင်းတဲ့ ဆက်သွယ်မှု တခုကို စီစဥ်ထားရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ကလေးရဲ့ အရွယ်အလိုက် ပုံမှန် တိုးတက်မှုတွေ၊ ကျန်းမာရေး ၊ ပညာရေးကစလို့ အပြုအမူဆိုင်ရာ အခြေအနေနဲ့ တချို့သော ပြဿနာတွေကို အတူတကွ မျှဝေတိုင်ပင်ဖို့ လိုပါတယ်။ ကလေးကတဆင့် ဆက်သွယ်တာဟာ ရေရှည်မှာ ကလေးအတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်တာကြောင့် မိဘအချင်းချင်း တိုက်ရိုက်ဆက်သွယ်ဖြစ်ဖို့ ပိုအရေးကြီးပါတယ်။
(၃) အပြန်အလှန် လေးစားပါ
စိတ်သဘောထားချင်း မတိုက်ဆိုင်တာကြောင့် ကွာရှင်းပြတ်စဲမှုပြုလုပ်ခဲ့ပေမယ့် ကလေးရဲ့ မိဘတွေ အနေနဲ့ ပတ်သက်ဆက်နွယ်နေချိန်မှာ အပြန်အလှန် လေးစားမှု ရှိခြင်းကလည်း အရေးကြီးပါတယ်။ အထူးသဖြင့် တဦးရဲ့ ဆုံးဖြတ်ချက်၊ အပြုအမူ၊ အတွေးအမြင်နဲ့ အချိန် စတာတွေ ကို အပြန်အလှန် လေးစားတတ်ခြင်းက နှစ်ဦးသားရဲ့ ရှေ့လျှောက်ညှိနှိုင်းမှုတွေမှာ များစွာ သက်ရောက်မှု ရှိနေနိုင်ပါတယ်။
(၄) အတူတကွ အစီအစဥ် ဆွဲပါ
ကလေးကို အတူတကွ ပြုစုပျိုးထောင်ကြတဲ့အခါမှာ လိုအပ်တဲ့ အစီအစဥ်တွေကို ကြိုတင် စီမံထားတာက ကလေးနဲ့ ပတ်သက်တဲ့ အနာဂတ်အစီအစဥ်တွေအတွက် ပိုတိကျမှု ရှိစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တိုင်ပင်ဆွေးနွေးမှုနဲ့ ညှိနှိုင်းမှုတွေကို အချိန်ပေးပြီး ပွင့်ပွင့်လင်းလင်း ကြိုတင်စီမံထားခြင်းက ရေရှည်မှာ အဆင်ပြေချောမွေ့စေမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ကလေးအတွက် နှစ်ဦးသဘောတူ ဆုံးဖြတ်ရမယ့် ကိစ္စတွေ၊ အချိန်ဇယားတွေနဲ့ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှုတွေကို အတူတကွ အစီအစဥ်ဆွဲဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
(၅) ကလေးအတွက် အချိန် မျှပေးပါ
မိဘနှစ်ဦးရဲ့လက်တွဲဖြုတ်ခြင်းဟာ ကလေးအတွက် စိတ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုတွေ များစွာ ရှိနိုင်ပါတယ်။ အထူးသဖြင့် ကလေးရဲ့ ရင့်ကျက်မှု အနေအထား၊ အသက်အရွယ်နဲ့ မိဘအပေါ် ခင်တွယ်မှု အခြေအနေ ပေါ်မှာ မူတည်ပြီး ကလေးတွေမှာ စိတ်ခံစားချက်တွေ များစွာ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါတွေကို တတ်နိုင်သလောက် လျော့နည်းစေဖို့အတွက် မိဘ နှစ်ဦး လုံး ဒါမှမဟုတ် ကလေးနဲ့ အတူမနေဖြစ်တဲ့ မိဘအနေနဲ့လည်း ရံဖန်ရံခါ ကလေးနဲ့ အတူအချိန်ကုန်ဆုံးပေးဖို့ လိုပါတယ်။ ဒီအချက်နဲ့ ပတ်သက်ပြီးလည်း နှစ်ဦးလုံးက ညှိနှိုင်းတိုင်ပင်ထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
ကွာရှင်းပြတ်စဲပြီးနောက် ကလေးကို အတူတကွ ပြုစုပျိုးထောင်ကြတဲ့အခါ (co-parenting) မှာ ထိရောက်မှု ရှိစေဖို့အတွက် ဆိုရင် စိတ်ရှည်သည်းခံမှု၊ အပြန်အလှန် နားလည်မှု၊ လေးစားမှုအပြင် ကလေးရဲ့ လိုအပ်ချက်နဲ့ စိတ်ခံစားချက်တွေကို ဦးစားပေးဖို့ အရေးကြီးပါတယ်။ တကယ်လို့ နှစ်ဦးတိုင်ပင် ညှိနှိုင်းမှုတွေမှာ အဆင်မပြေမှုတွေ ရှိနေတယ်၊ ကလေးကို အတူတကွ ပြုစုပျိုးထောင်ရာကနေ ကိုယ့်ရဲ့ စိတ်ကျန်းမာရေးမှာ ထိခိုက်မှု တချို့ရှိနေတယ်ဆိုရင်တော့ လိုအပ်တဲ့ အကူအညီတွေကို ယူဖို့ အရေးကြီးပါတယ်။
သင့်အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေခံစားနေရတယ်ဆိုရင် Call Me Today မှတဆင့် ကျွမ်းကျင် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။