
လက်ရှိ Relationship တခုကို အဆုံးသတ်ပြီးနောက် တဦးတည်း ဘဝကို ဖြတ်သန်းဖို့အတွက် အစပြုချိန်ဟာ အထီးကျန်ခြင်း ကို သိသိသာသာ ခံစားရတဲ့ အခိုက်အတန့်ဖြစ်ပါတယ်။ ဒီလို အချိန်မှာ အထီးကျန်ခြင်းနဲ့အတူ အားငယ်ခြင်း၊ ဝမ်းနည်းခြင်း၊ ကိုယ့်ကိုကိုယ် အပြစ်တင်ခြင်း၊ စိတ်ဓါတ်ကျခြင်း စတာတွေကို ခံစားရနိုင်ပြီး နောက်ဆက်တွဲ ပြဿနာတွေကိုပါ ခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် လမ်းခွဲပြီးနောက် အထီးကျန်ခြင်းကို ကျော်လွှားနိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။
(၁) ကိုယ့်ကိုကိုယ် ပြန်လည်ဆက်သွယ်ပါ
အထီးကျန်ခြင်းကို ခံစားရတာဟာ အနားမှာမရှိတော့တဲ့သူကို မသိစိတ်ရဲ့ လိုလားတောင့်တနေမှုကြောင့် ဖြစ်နိုင်သလို အချိန်အတိုင်းအတာ တခုအထိ နှစ်ယောက်အတူ ဖြတ်သန်းခဲ့တဲ့ အနေအထားတခုကို နေသားကျနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီလို အချိန်မှာ ကိုယ့်ကိုကိုယ် ပြန်လည်ဆက်သွယ်ဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် ကိုယ့်ရဲ့ တချိန်က ပန်းတိုင်တွေ၊ ဝါသနာနဲ့ ဆန္ဒတွေကို ပြန်လည် အကောင်အထည်ဖော်နိုင်ဖို့အတွက် ကိုယ့်ရဲ့ အတွင်းစိတ်နဲ့ ကိုယ့်ရဲ့ လက်ရှိအနေအထားကို ပြန်လည် ဆက်သွယ်ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် Journaling လုပ်တာ၊ တရားထိုင်တာ၊ တစုံတယောက်ကို ရင်ဖွင့်ပြောဆိုတာတွေဟာ ကိုယ့်ကိုကိုယ် ပြန်လည် ဆက်သွယ်နိုင်မယ့် နည်းလမ်းတွေ ဖြစ်ပါတယ်။
(၂) ကိုယ့်ရဲ့ လူမှုကွန်ယက်ကို ဖြန့်ကျက်ပါ
လမ်းခွဲပြီးနောက် အထီးကျန်ခြင်းကို သက်သာစေတဲ့ နည်းလမ်းတွေထဲမှာ လူမှု ဆက်ဆံရေးကို အချိန်ပိုပေးဖြစ်ခြင်း ကလည်း တခုအပါအဝင် ဖြစ်ပါတယ်။ အရင်က မဆုံဖြစ်ခဲ့တဲ့ သူငယ်ချင်းတွေ ၊ မိတ်ဆွေတွေ နဲ့ ပြန်လည် တွေ့ဆုံတာမျိုး မိသားစုဝင်တွေကို အချိန်ပိုပေးတာမျိုးကို လုပ်ကြည့်သင့်ပါတယ်။ ဒါတင်မကပဲ လက်ရှိရှိနေတဲ့ လူမှုဆက်ဆံရေးထက် ပိုပြီးကျယ်ပြန့်တဲ့ မိတ်ဆွေ အသစ်တွေ ရှာတာ၊ ကိုယ်နဲ့ ခံစားချက်တူတဲ့ သူတွေနဲ့ အတူ အချိန်ပေး ဆက်သွယ်တာတွေ ပြုလုပ်ဖို့ လိုပါတယ်။ သင်တန်းတခု တက်တာ ၊ အလုပ်သစ်တခု ပြောင်းလဲလုပ်ကြည့်တာ စသဖြင့် ကိုယ့်ရဲ့ လက်ရှိအနေအထား ပတ်ဝန်းကျင်ကို အပြောင်းအလဲ ဖြစ်အောင် ဖန်တီးကြည့်တာဟာ စိတ်ကို ပြောင်းလဲစေပြီး အထီးကျန်မှုကို သက်သာစေမှာ ဖြစ်ပါတယ်။
(၃) အိမ်မွေးတိရစ္ဆာန် မွေးကြည့်ပါ
အိမ်မွေး တိရစ္ဆာန်လေးတွေ ဥပမာ ကြောင်၊ ခွေး ၊ ငါး စတာတွေကို မွေးပြီး ကိုယ်နဲ့အတူ အချိန်ဖြုန်းပေး တာကလည်း အထီးကျန်ခြင်း ကို သိသိသာသာ လျော့ကျနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒါကလည်း ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာတွေကို တခြားအရာတခုအပေါ်မှာ နည်းလမ်းတခုနဲ့ ဖော်ပြခြင်း ဖြစ်ပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကိုလည်း သက်သာလျော့ပါးစေတာကြောင့် ကွာရှင်းပြီးနောက် တစ်ကိုယ်တည်း အထီးကျန်ခြင်းအတွက် ပြုလုပ်ပေးသင့်ပါတယ်။
(၄) Relationship အသစ်တခုကို စတင်ကြည့်ပါ
Relationship တခုကို အစားထိုးဖို့ နောက်ထပ် Relationship အသစ်တခု စတင်တာဟာ လူတိုင်းအတွက် အမြဲတမ်း လွယ်ကူတဲ့ နည်းလမ်းတော့ မဖြစ်နိုင်ပေမယ့်် အချိန်တခုကြာပြီးနောက်မှာတော့ စတင်သင့်ပါတယ်။ Relationship အသစ်တခုက ကိုယ့်ရဲ့ လက်ရှိ အထီးကျန်မှုတွေကို ပြေလျော့သက်သာစေနိုင်သလို ပိုကောင်းတဲ့ Relationship တခုကို ပိုင်ဆိုင်နိုင်မယ့် အခွင့်အလမ်းတွေကိုလည်း ပေးနိုင်ပါတယ်။ ဒါပေမယ့် လက်ရှိခံစားချက်တွေကို အပြည့်အဝ ကုစားဖို့ အချိန်တခု ယူပြီးမှ စတင်သင့်သလို ကိုယ့်ရဲ့ ဆန္ဒကို ဦးစားပေးပြီး သေချာစဥ်းစားဖို့ အရေးကြီးပါတယ်။
(၅) အကူအညီရယူပါ
ကိုယ့်ရဲ့ လက်ရှိ အထီးကျန်မှုတွေဟာ ပြင်းထန်သလို တခြားသော စိတ်ခံစားမှုပြဿနာတွေကြောင့် နေ့စဥ်ဘဝမှာ အခက်အခဲကြုံနေတယ်၊ ကိုယ့်အနေနဲ့ ဒါကို ကိုယ်တိုင် ကျော်ဖြတ်ဖို့ ခက်ခဲနေတယ် ဆိုရင်တော့ အကူအညီယူဖို့ လိုအပ်နိုင်ပါတယ်။ ဥပမာအားဖြင့် စိတ်ပိုင်းဆိုင်ရာအားဖြင့် ကိုယ့်အနေနဲ့ ရင်းရင်းနှီးနှီး ဆက်သွယ်နိုင်မယ့် ရင်ဖွင့်ဖော် ဒါမှမဟုတ် နှစ်သိမ့်ဆွေးနွေးသူ တဦးဦးနဲ့ တွေ့ဆုံ ဆွေးနွေးတာမျိုးတွေ ပြုလုပ်ပေးဖို့ လိုပါတယ်။
သင့်အနေနဲ့ အထီးကျန်ခြင်းနဲ့အတူ တခြားသော စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ
ခံစားနေရတယ်ဆိုရင် Call Me Today မှတဆင့် ကျွမ်းကျင် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။
🌐 : https://app.callmetoday.org/book
☎️: 09-5131873