Search on this blog

Search on this blog

alchol addiction

တချို့က စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် စိတ်ထွက်ပေါက်အနေနဲ့ အရက်နဲ့ မူးယစ် ဆေးဝါးတွေကို သုံးစွဲကြတယ်၊ ဒါပေမယ့် ဒါတွေဟာ ခဏတာ စိတ်ဖြေဖျောက်ဖို့ အတွက်ပဲ အဆင်ပြေနိုင်ပြီး နောက်ပိုင်းမှာတော့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ပိုဆိုးစေတဲ့အပြင် ထပ်ဆင့်အနေနဲ့ အရက်နဲ့ မူးယစ်ဆေးဝါးတွေကို စွဲလမ်းခြင်း (Addiction) ဆိုတဲ့ အခြေအနေ တစ်ခုပါ ထပ်တိုးလာနိုင်ပါတယ်။ ဒီအခြေအနေတွေ ဘာကြောင့် ဖြစ်သလဲ၊ အရက်နဲ့ မူးယစ်ဆေးဝါး က စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်မှု ရှိလဲဆိုတာကို မျှဝေပေးချင်ပါတယ်။ 

အရက်နဲ့ မူးယစ်ဆေးဝါးတွေကို စွဲလမ်းခြင်း ဖြစ်စေတဲ့ အကြောင်းရင်းများ 

(၁) အုပ်ထိန်းမှု ပုံစံ 

ဆယ်ကျော်သက်အရွယ် လူငယ်တချို့ရဲ့ စွဲလမ်းမှု ပြဿနာ တချို့ဟာ မိဘအုပ်ထိန်းသူရဲ့ ထိန်းကျောင်းမှု ပုံစံနဲ့ လည်း ဆက်နွယ်မှု ရှိနိုင်ပါတယ်။ မိဘအနေနဲ့ တင်းကြပ်လွန်းတဲ့အခါမှာလည်း လူငယ်တွေအနေနဲ့ စိတ်ဖြေဖျောက်ရာ အဖြစ် အရက်နဲ့ မူးယစ်ဆေးဝါးကို စွဲလမ်းလာနိုင်သလို တခါတရံမှာလည်း အရွဲ့တိုက်လိုစိတ်နဲ့ သုံးဖြစ်ရာကနေ စွဲလမ်းတဲ့အထိ ဖြစ်လာနိုင်ပါတယ်။ 

(၂) စိတ်ဒဏ်ရာ 

စိတ်ဒဏ်ရာတွေကလည်း စွဲလမ်းမှု ပြဿနာတွေနဲ့ တနည်းတဖုံ ပတ်သက်ဆက်နွယ်လေ့ရှိပါတယ်။ ဥပမာအားဖြင့် ငယ်စဥ်က ဖြစ်တည်လာခဲ့တဲ့ စိတ်ဒဏ်ရာ တွေ၊ စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ လိင်ပိုင်း ဆိုင်ရာ စော်ကားခံရမှုတွေအပါအဝင် စိတ်ဒဏ်ရာတွေကို လျော့ပါးသက်သာလိုစိတ် နဲ့ မူးယစ်ဆေးဝါး အရက်တွေကို သုံးဖြစ်ရာကနေ စွဲလမ်းတဲ့အထိ ဖြစ်လာနိုင်ပါတယ်။ 

(၃) အတူနေသူရဲ့ ဖိအားပေးမှုများ 

အထူးသဖြင့် လူငယ်အရွယ်၊ ဆယ်ကျော်သက်အရွယ်ဟာ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှု ကို မရှောင်တိမ်းနိုင်ကြသလို အရက်နဲ့ မူးယစ်ဆေးဝါး စွဲလမ်းခြင်း ပြဿနာတွေကလည်း တခါတရံမှာ ပတ်ဝန်းကျင်ကြောင့် ဖြစ်နိုင်ပါတယ်။ ဥပမာ အတူနေသူငယ်ချင်း ၊ မိတ်ဆွေ ရဲ့ ဆွဲဆောင် ဖိအားပေးမှုများ၊ လှုံ့ဆော်မှုတွေဟာ မူးယစ်ဆေးနဲ့ အရက်ကို သုံးစွဲဖြစ်ဖို့ တွန်းအားဖြစ်စေပါတယ်။ 

အရက်ရဲ့ စိတ်ကျန်းမာရေးအပေါ် သက်ရောက်မှုများ 

အရက်ဟာ CNS Depressant လို့ ပြောတဲ့ ဦးနှောက်နဲ့ အာရုံကြောစနစ်ကို ဖိနှိမ်နိုင်တဲ့ အာနိသင်ကြောင့် အတွေးတွေ၊ ခံစားချက်တွေနဲ့ လုပ်ဆောင်မှုတွေကို ပြောင်းလဲ နိုင်စွမ်း ရှိပါတယ်။ အရက်သောက်ခြင်းကြောင့် ဦးနှောက်မှာ Dopamine ဟော်မုန်းတွေကို ထွက်စေပြီး အစပိုင်းမှာ စိတ်ကို ဖြေလျော့စေတယ်၊ အနားရသလို ခံစားချက်ကို ပေးနိုင်တယ်၊ ပျော်ရွှင်တယ်ဆိုတဲ့ ခံစားချက်ကို ရစေနိုင်ပါတယ်။  

ဒါပေမယ့် အသုံးပြုရင်း တဖြေးဖြေးချင်းနဲ့ ရေရှည်မှာတော့ စိတ်ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေ ကို သိသိသာသာ ခံစားလာရနိုင်ပါတယ်။ ဥပမာအားဖြင့် စိတ်ရှုပ်ထွေးတာ၊  စိတ်တို ဒေါသထွက်လွယ်တာတွေနဲ့ သတိမေ့လွယ်တာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် အရက်ကြောင့် ဦးနှောက်လုပ်ဆောင်မှု နှေးကွေးတာ၊ တုန့်ပြန်မှု နှေးတာ၊ ဟန်ချက်ထိန်းရ ခက်ခဲတာနဲ့ စဥ်းစားဆင်ခြင် ဆုံးဖြတ်နိုင်စွမ်းတွေကိုလည်း လျော့ကျစေနိုင်ပါတယ်။  ဒါတင်မကပဲ အရက်ကြောင့် အိပ်စက်မှုကိုလည်း ထိခိုက်စေနိုင်တာကြောင့် နောက်ဆက်တွဲ အနေနဲ့  စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကိုပါ ဖြစ်စေနိုင်ပြီး ရေရှည်မှာ စိတ်ဓါတ်ကျခြင်း ကိုပါ ဖြစ်စေနိုင်ပါတယ်။ 

အရက်ကြောင့် စိတ်ကျန်းမာရေးထိခိုက်ခြင်း မရှိအောင် ကာကွယ်နည်း 

(၁) အရက်ကို အလွန်အကျွံ သောက်သုံးခြင်း မပြုလုပ်ပါနဲ့ 

(၂) အရက်နဲ့ စိတ်ကို ဖြေဖျောက်တာမျိုး မလုပ်ပါနဲ့ 

(၃) အရက်စွဲလမ်းခြင်း လက္ခဏာများကို ခံစားရပါက သေချာ ဆွေးနွေးတိုင်ပင်ပြီး အရက်ဖြတ်ပါ 

(၄) လိုအပ်ပါက စိတ်ပိုင်းဆိုင်ရာ အကူအညီ ရယူပါ 

မူးယစ်ဆေးဝါးများရဲ့ စိတ်ကျန်းမာရေး အပေါ် သက်ရောက်မှုများ 

မူးယစ်ဆေးဝါးတွေဟာ အမျိုးအစားအလိုက် အစပိုင်းမှာ စိတ်ကြွတာတွေ၊ စိတ်ကို ဖြေလျော့စေတာ စတဲ့ ခံစားချက် အမျိုးမျိုးဖြစ်နိုင်ပြီး အလွန်အကျွံ သုံးစွဲတဲ့အခါမှာတော့ စိုးရိမ်စိတ် လွန်ကဲတာနဲ့ စိတ်ကျရောဂါအထိ ခံစားရနိုင်ချေ ရှိပါတယ်။ ဥပမာအားဖြင့် ဆယ်ကျော်သက်အရွယ်မှာ ဆေးခြောက်ကို မကြာခဏ စွဲသုံးသူတွေဟာ အရွယ်ရောက်ချိန်မှာ စိတ်ရောဂါ တမျိုးမျိုးကို ခံစားရနိုင်ခြေ ရှိနိုင်တာကို လေ့လာမှုတွေအရ တွေ့ရပါတယ်။ 

အထူးသဖြင့် ဦးနှောက်ရဲ့ ဆုံးဖြတ်ချက်ချနိုင်စွမ်း၊ စိတ်ခံစားမှု အပိုင်းနဲ့ ထိန်းချုပ်နိုင်တဲ့ အပိုင်းတွေဟာ မူးယစ်ဆေးဝါးတွေကြောင့် များစွာ သက်ရောက်မှု ရှိတာကို တွေ့ရပါတယ်။ ဒီအချိန်မှာ နောက်ဆက်တွဲ  အနေနဲ့ စိတ်ကစဥ့်ကလျားဖြစ်ခြင်း၊ စိတ်ပူပန်ခြင်း၊ စိတ်ခံစားမှုကို ထိန်းချုပ်ရ ခက်ခဲခြင်းတွေ ကြုံတွေ့ရနိုင်ပါတယ်။ 

မူးယစ်ဆေးဝါးစွဲလမ်းခြင်းကို ကာကွယ်နိုင်မယ့် နည်းလမ်းများ 

မူးယစ်ဆေးဝါးတွေဟာ များသောအားဖြင့် လူငယ်အရွယ်မှာ စိတ်ဖြေဖျောက်စရာအဖြစ် စမ်းသုံးကြည့်ရာကနေ စွဲလမ်းတဲ့အထိ ဖြစ်နိုင်သလို ၊ အပေါင်းအသင်းကြောင့် လက်တည့်စမ်းကြည့်တာ၊ ပတ်ဝန်းကျင်မှာ အလွယ်တကူ ရနိုင်တာကြောင့် သုံးစွဲရာကနေ နောက်ပိုင်းမှာ စွဲလမ်းတဲ့ အထိ ဖြစ်နိုင်ပါတယ်။ မူးယစ်ဆေးဝါးကြောင့် စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာအားဖြင့် ထိခိုက်နစ်နာမှုတွေ ရှိနိုင်သလို ရေရှည် ကျန်းမာရေးပြဿနာတွေလည်း များစွာ ရှိနိုင်တာကို အထူးသတိထားသင့်ပါတယ်။ များသောအားဖြင့် မူးယစ်ဆေးဝါး စွဲလမ်းမှုတွေဟာ ပြင်းထန်သလို ပြန်လည်ကုစားတဲ့နေရာမှာလည်း အချိန်ယူဖို့ လိုပါတယ်။

စိတ်ခံစားမှုတွေကို ခဏတာ သက်သာလိုတဲ့ စိတ်နဲ့ မူးယစ်ဆေးဝါးနဲ့ အရက်တွေကို စိတ်ပြေလက်ပျောက်သုံးမိတယ်၊ ဒါပေမယ့် စိတ်ခံစားချက်တွေ သိသိသာသာ မသက်သာပဲ ပိုဆိုးတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ အထိ ခံစားရတယ်၊ ဒါတင်မကပဲ အရက်နဲ့ မူးယစ် ဆေးဝါးကို စွဲလမ်းမိရာကနေ နောက်ဆက်တွဲ ဆိုးကျိုးတွေအထိပါ ခံစားရနိုင်တာကြောင့် အထူးဆင်ခြင်နိုင်ဖို့ မျှဝေပေးလိုက်ရပါတယ်။ 

သင့်အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ရင်ဆိုင်နေရတယ်၊ စိတ်ပိုင်းဆိုင်ရာ အကူအညီ လိုအပ်တယ်ဆိုရင် Call Me Today မှတဆင့် ကျွမ်းကျင် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။