Search on this blog

Search on this blog

divorce and mental health

ကွာရှင်းပြတ်စဲခြင်း (divorce) ဟာ ဘဝရဲ့ အချိုးအကွေ့တွေထဲမှာ ကြီးမားတဲ့ သက်ရောက်မှု တခု ဖြစ်သလို စိတ်ကျန်းမာရေးကိုလည်း ထိခိုက်မှု များစွာ ရှိနိင်ပါတယ်။ အထူးသဖြင့် ဝမ်းနည်းမှု၊ ဒေါသထွက်မှု၊ ကိုယ်တိုင် အပြစ်ရှိသလို ခံစားရမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို ပြင်းထန်စွာ ခံစားရနိုင်ပါတယ်။ ဒီလို ခံစားချက်တွေကို အချိန်မှီ မဖြေရှင်းတဲ့အခါမှာ စိတ်ကျန်းမာရေးကို ရေရှည်ဆိုးကျိုး များစွာ သက်ရောက်မှု ရှိနေနိုင်ပြီး နေ့စဥ်ဘဝမှာပါ လွှမ်းမိုးမှု တချို့ ရှိလာနိုင်တာကြောင့် ဒီပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။ 

(၁) အချိန်ယူပါ 

နှစ်ဦးသဘောတူ လမ်းခွဲခြင်း ပြုလုပ်ပြီးတဲ့အခါ အတိတ်က ဖြတ်သန်းခဲ့ဖူးတဲ့ ပုံစံနဲ့ ကွဲပြားသွားသလို နေထိုင်မှုပုံစံနဲ့ အစစအရာရာမှာ ကွာခြားသွားနိုင်တဲ့အခါ စိတ်ခံစားမှုတွေက ပိုပြီး ပြင်းထန်နိုင်ပါတယ်။ ဒါ့ကြောင့် ဒီလို အခြေအနေမှာ အချိန်ယူပြီး ဖြေးဖြေးချင်း ကုစားဖို့ လိုပါတယ်။ လက်တလော စိတ်ခံစားချက်ကို ဖြေဖျောက်လိုစိတ်နဲ့ Relationship အသစ်ကို အမြန်ရှာဖွေတာ၊ မသင့်တော်တဲ့ နည်းလမ်းတွေနဲ့ စိတ်သက်သာရာရှာတာတွေဟာ စိတ်ခံစားမှုတွေကို ပိုမို ဆိုးရွားစေပါတယ်။ 

(၂) Self-care လုပ်ပေးပါ 

ကွာရှင်းပြတ်စဲပြီးနောက်မှာ အများစုက စိတ်ခံစားချက်ကိုလိုက်ပြီး နေထိုင် ပြုမူတတ်ကြသလို လူတွေနဲ့ အဆက်အသွယ်မလုပ်တာ၊ ကိုယ့်ကိုကိုယ် ဂရုစိုက်မှု လျော့နည်းတာတွေ ဖြစ်တတ်ကြပါတယ်။ ဒီလို အခြေအနေမျိုးကို ကျော်လွှားနိုင်ဖို့အတွက် Self-care များများ လုပ်ပေးဖို့ လိုပါတယ်၊ အထူးသဖြင့် ကိုယ့်ရဲ့ တကိုယ်ရေသန့်ရှင်းရေး၊ ကျန်းမာရေး ၊ အလှအပနဲ့ စိတ်ပိုင်းဆိုင်ရာ တိုးတက်ရေးအတွက် အာရုံစိုက် ပြုလုပ်ခြင်းက စိတ်အပြောင်းအလဲ ဖြစ်စေဖို့ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ 

(၃) စိတ်ဖိစီးမှုကို ထိန်းချုပ်ဖို့ ကြိုးစားပါ 

ကွာရှင်းပြတ်စဲပြီးသူတွေဟာ စိတ်ဖိစီးမှု ဖြစ်စေမယ့် အကြောင်းအရင်းတွေကို တခြားသူတွေ ထက် ပိုပြီး ကြုံရနိုင်ချေ ရှိသလို ဒီလို စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်ခြင်းက စိတ်ခံစားချက်ကို လျော့ပါးသက်သာစေဖို့အတွက် တနည်းတဖုံ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ အထူးသဖြင့် ကိုယ် ဝါသနာပါရာအတွက် အချိန် ပေးတာ၊ တရားထိုင်တာ၊ အသက်ရှု လေ့ကျင့်ခန်းလုပ်တာ၊ စာဖတ်တာ၊ Journaling လုပ်တာ စတာတွေက စိတ်ဖိစီးမှုကို ထိန်းချုပ်ရာမှာ ထိရောက်စွာ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ 

(၄) ပြတ်စဲသူနဲ့ စည်းဘောင်တချို့ ကန့်သတ်ပါ

လမ်းခွဲပြီးနောက် ကိုယ့်ရဲ့ ခင်ပွန်းဟောင်း၊ ဇနီးသည်ဟောင်းနဲ့ အဆက်မပြတ် တွေ့နေတာ ၊ မပြတ်သားတဲ့ စိတ်တွေနဲ့ ကပ်တွယ်နေမိတာဟာ စိတ်ခံစားချက်တွေကို ပိုခံစားရနိုင်စေပါတယ်။ ဒါ့ကြောင့် တချို့ သော ကိစ္စရပ်တွေဖြစ်တဲ့ ကလေးပြုစုရေး၊ ငွေကြေးကိစ္စနဲ့ အရေးကြီး မိသားစုပြဿနာတွေမှာပဲ ပတ်သက်ဆက်နွယ်တာမျိုး ပြုလုပ်ပြီး ကျန်ကိစ္စတွေမှာ ခိုင်မာတဲ့ စည်းဘောင်တွေ သတ်မှတ်တတ်ဖို့ လိုပါတယ်။ 

(၅) စိတ်ပိုင်းဆိုင်ရာ အကူအညီ ရယူရန် မရှက်ပါနဲ့ 

များသောအားဖြင့် လက်တွဲဖြုတ်ခြင်း ကို ဘဝမှာ ကြုံတွေ့ရသူတွေက ရှက်ရွံ့ခြင်း၊ ကြောက်ရွံ့ခြင်းနဲ့ လူသိမခံလိုခြင်း စတဲ့ အချက်တွေကြောင့် စိတ်ပိုင်းဆိုင်ရာ အကူအညီ ရယူဖို့အတွက် တွန့်ဆုတ်လေ့ရှိကြပါတယ်။ ဒါ့ကြောင့်ပဲ တော်ရုံနဲ့ တခြားသူတွေကို အကူအညီမတောင်းဖြစ်ကြသလို တစ်ယောက်တည်း ကျိတ်မှိတ် ခံစားလေ့ရှိကြပါတယ်။ ဒါကလည်း စိတ်ခံစားချက်တွေကို ပိုဆိုးစေနိုင်တဲ့ အကြောင်းရင်းတခု ဖြစ်ပါတယ်။ 

နှစ်ဦးသဘောတူ လမ်းခွဲပြတ်စဲခြင်း ခရီးစဥ်ကို ဖြတ်သန်းရာမှာ ကြုံတွေ့ရနိုင်တဲ့ အတွေ့အကြုံတွေက တဦးနဲ့ တဦး မတူညီနိုင်သလို စိတ်ခံစားချက်တွေကို ကျော်လွှားရာမှာ လိုအပ်တဲ့ အချိန်ကလည်း များစွာ ကွဲပြားမှု ရှိနိုင်ပါတယ်။ ဒီခရီးစဥ်တလျှောက်မှာ ကိုယ့်ရဲ့ စိတ်ကျန်းမာရေးကို ဂရုစိုက်ဖြစ်ဖို့ အရေးကြီးတာကြောင့် အသုံးဝင်မယ့် နည်းလမ်းတွေကို မျှဝေပေးလိုက်ရပါတယ်။ 

သင့်အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေခံစားနေရတယ်ဆိုရင် Call Me Today မှတဆင့် ကျွမ်းကျင် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်