Search on this blog

Search on this blog

divorce and children

မိဘနှစ်ဦးရဲ့ အိမ်ထောင်ရေး အခြေအနေနဲ့ နှစ်ကိုယ်ကြား ဆက်ဆံရေးဟာ ကလေးတွေရဲ့ စိတ်ကျန်းမာရေး အပေါ်မှာ များစွာသက်ရောက်မှု ရှိပါတယ်။ အထူးသဖြင့် အခြေအနေ   အကြောင်းကြောင်းကြောင့် ကွာရှင်းပြတ်စဲခြင်းကို ရွေးချယ်ရဖို့ ဖြစ်လာတဲ့အခါမှာ ကလေးတွေ ရဲ့  စိတ်ခံစားချက်တွေကိုလည်း လျစ်လျုမရှုသင့်ပါဘူး။ လမ်းခွဲခြင်းကြောင့် ကလေးတွေမှာ စိတ်ကျန်းမာရေးဆိုင်ရာ သက်ရောက်မှု ဘယ်လို ရှိနိုင်လဲ ဆိုတာကို မျှဝေပေးချင်ပါတယ်။ 

(၁) စိတ်ခံစားချက်များ ပြင်းထန်ခြင်း 

မိဘတွေရဲ့ ကွာရှင်းပြတ်စဲမှုကို ကြုံရတာကြောင့် တကွဲတပြားနေရတဲ့အခါမှာ ကလေးအနေနဲ့ ဝမ်းနည်းတာ၊ ကိုယ့်ကိုကိုယ် ယုံကြည်မှုအားနည်းတာ၊ စိတ်ပူပန်တာ၊ စိတ်ရှုပ်ထွေးတာ၊ ကိုယ့်ကိုကိုယ် အပြစ်တင်တာ ၊ အားငယ်တာအပြင် လုံခြုံစိတ်ချမှုမရှိတာ စတာတွေကို ခံစားရနိုင်ပါတယ် ။ ဒီခံစားချက်တွေက အခြေအနေအလိုက် ပြင်းထန်နိုင်သလို ကလေးတွေအနေနဲ့ တခါတရံမှာ ကိုင်တွယ်ဖြေရှင်းရ ခက်ခဲတာတွေ ရှိနိုင်တာကြောင့် မိဘတွေ အနေနဲ့ အမြဲ သတိပြု ဂရုစိုက်ပေးဖို့ လိုပါတယ်။ 

(၂) အပြုအမူတချို့ ပြောင်းလဲခြင်း 

မိဘနှစ်ဦး စုံစုံလင်လင်နဲ့ အတူယှဥ်တွဲ နေလာပြီးနောက် သီးခြားစီ ရပ်တည်ကြတဲ့အခါမှာ ဒါဟာ ကလေးရဲ့ အပြုအမူတွေပေါ်မှာ များစွာသက်ရောက်မှု ရှိလာနိုင်ပါတယ်။ အထူးသဖြင့် ကလေးတွေက ကလန်ကဆန် ပြုမူတာ၊ စကားနားမထောင်တာ၊ စိတ်ဒေါသအလိုက် ပြုမူမိတာ၊ စိတ်မထိန်းနိုင်တာတွေ ဖြစ်နိုင်သလို အာရုံစူးစိိုက်မှု နည်းပါးလာတာကြောင့် သင်ကြားရေးအပိုင်းမှာ  အခက်အခဲ ရှိတာတွေ ဖြစ်နိုင်ပါတယ်။ ဒီလို အခြေအနေမှာ အတူနေ မိဘ အုပ်ထိန်းသူအနေနဲ့ ကလေး ထိန်းကျောင်းရ ခက်ခဲတာနဲ့ နောက်ဆက်တွဲ ပြဿနာတွေ များစွာ ဖြစ်လာနိုင်ပါတယ်။ 

(၃) လူမှုဆက်ဆံရေးမှာ ပြဿနာ ရှိခြင်း 

မိဘတွေ လမ်းခွဲခြင်းကြောင့် အိမ်ထောင်ရေး အဆင်မပြေဖြစ်ကြတဲ့ မိသားစုမှာ ကလေးတွေဟာ လူမှုရေးပိုင်းဆိုင်ရာ ပြဿနာတွေ များစွာရှိနိုင်ပါတယ်။ အထူးသဖြင့် ပတ်ဝန်းကျင်နဲ့ ကင်းကွာလိုပြီး တဦးတည်းပဲ အချိန်ကုန်ဖြစ်တာ၊ စိတ်ခံစားချက်အလိုက် ပြုမူမိရာကနေ မကြာခဏ ခိုက်ရန်ဖြစ်ပွားတာ ၊ လူအများရှိတဲ့ နေရာနဲ့ ပွဲလမ်းသဘင်တွေကို ရှောင်တာ စတာတွေ ဖြစ်နိုင်ပါတယ်။ ဒါတင်မကပဲ နောက်ပိုင်းမှာ Relationship နဲ့ ပတ်သက်ပြီး ယုံကြည်မှုလျော့နည်းလာတာ၊ ချစ်ခြင်းမေတ္တာကို ရှောင်ဖယ်လိုတာ စတာတွေ ဖြစ်နိုင်ပါတယ်။ 

(၄) ရေရှည် စိတ်ကျန်းမာရေး ထိခိုက်မှု ရှိခြင်း 

မိဘတွေရဲ့ လက်တွဲဖြုတ်ခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ရှိခဲ့တဲ့ ကလေးတွေဟာ ရေရှည်မှာ စိတ်ကျရောဂါကို ပိုခံစားရနိုင်ချေ ရှိသလို အသက်အရွယ် ရလာချိန်မှာလည်း စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို တခြားသူတွေထက် ပိုပြီး ကြုံတွေ့ရနိုင်ပါတယ်။ ဒါတင်မကပဲ ဆေးဝါးတွေကို တလွဲသုံးဖြစ်တာတွေ၊ အရက်နဲ့ စိတ်ဖြေဖျောက်တာတွေကိုလည်း ပိုမို လုပ်နိုင်ချေ များတာကို လေ့လာမှု တချို့အရ တွေ့ရပါတယ်။  

(၅) စိတ်ဓါတ်ကြံ့ခိုင်အောင် လေ့ကျင့်ရခြင်း 

မိဘတွေ နှစ်ဦး သဘောတူ လမ်းခွဲပြီးနောက် မိဘတစ်ဦးတည်းနဲ့ အတူနေထိုင်ကြရတဲ့ တချို့သော ကလေးတွေဟာ သူတို့ကိုယ်တိုင် စိတ်ကြံ့ခိုင်အောင် လေ့ကျင့်ယူရတာ ရှိပါတယ်။ ဒီလို အချိန်မှာ ကောင်းကျိုး အနေနဲ့ စိတ်ဓါတ်ကြံ့ခိုင်မှုနဲ့ ခံနိုင်ရည် ရှိမှုတွေ ပိုမိုတိုးတက်လာနိုင်တယ် ဆိုပေမယ့် ဒီလို စိတ်ဓါတ်ကြံ့ခိုင်အောင် နေထိုင်ရခြင်း ၊ ပတ်ဝန်းကျင်ကပေးတဲ့ ဖိအားတွေကို လက်ခံယူရခြင်း စတာတွေကြောင့် စိတ်ပင်ပန်းတာနဲ့ စိတ်ဖိစီးမှုတွေကို လည်း ကြုံတွေ့ရနိုင်ချေ ရှိပါတယ်။ 

မိဘတွေရဲ့ ကွာရှင်းပြတ်စဲခြင်းကြောင့် ကလေးတွေရဲ့ စိတ်ကျန်းမာရေး ထိခိုက်မှုဟာ ကလေးရဲ့ အသက်အရွယ်၊ ရင့်ကျက်မှု အနေအထား ၊ မိဘတွေရဲ့ ပြဿနာ အခြေအနေ  စတဲ့ အချက်တွေပေါ်မှာ မူတည်နိုင်ပါတယ်။ တကယ်လို့ ကွာရှင်းပြတ်စဲခြင်းရဲ့ နောက်ဆက်တွဲ အနေနဲ့ ကလေးတွေ ခံစားရတဲ့ စိတ်ဒဏ်ရာက ပြင်းထန်တယ်ဆိုရင်တော့ စိတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်တဲ့ ပညာရှင်နဲ့ သေချာဆွေးနွေးဖို့ အရေးကြီးကြောင်း မျှဝေလိုက်ရပါတယ်။ 

သင့်အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေခံစားနေရတယ်ဆိုရင် Call Me Today မှတဆင့် ကျွမ်းကျင် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်