
တစုံတခုကို စွဲလမ်းမိတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ရော ရုပ်ပိုင်းဆိုင်ရာ မှာပါ ကြီးမားတဲ့ သက်ရောက်မှုတွေ များစွာ ရှိနေနိုင်ပါတယ်။ အထူးသဖြင့် မူးယစ်ဆေးဝါး စွဲလမ်းတာ၊ အရက်စွဲတာ၊ ဂိမ်းစွဲတာ ၊ ဒါမှမဟုတ် အပြုအမူတစ်ခုကို မလုပ်ရ မနေနိုင်အောင် စွဲလမ်းတာတွေ ဟာ စိတ်ပိုင်းဆိုင်ရာ အခြေအနေ တစ်ခုခုနဲ့ ဆက်စပ်နေသလို နောက်ဆက်တွဲမှာတော့ ခန္ဓာကိုယ်ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်မှာ ဖြစ်ပါတယ်။
စွဲလမ်းမှု (Addiction) ရဲ့ ရုပ်ပိုင်းဆိုင်ရာ သက်ရောက်မှုများ
စွဲလမ်းမှုရဲ့ ရုပ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေဟာ အသုံးပြုတဲ့ အရာရဲ့ သက်ရောက်မှုအလိုက် ပြင်းထန်နိုင်ပါတယ်။ အထူးသဖြင့် မူးယစ် ဆေးဝါးတွေနဲ့ အရက်ကို စွဲလမ်းစွာ ရေရှည်သောက်သုံးမိတဲ့အခါ မှာ ဦးနှောက်အတွင်း ဟော်မုန်းတချို့ရဲ့ ပမာဏကို ပြောင်းလဲစေနိုင်ပြီး နောက်ဆက်တွဲ အနေနဲ့ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတချို့ကို ထိခိုက်မှု ရှိနိုင်ပါတယ်။ ဒါတင်မကပဲ ရေရှည်မှာ ခန္ဓာကိုယ်ရဲ့ အဓိက အစိတ်အပိုင်းတွေ ဖြစ်တဲ့ အသည်း၊ နှလုံး၊ အဆုတ် ထိခိုက်မှုတွေအပြင် ကိုယ်ခံအားကျဆင်းမှုတွေ အထိပါ ဖြစ်စေနိုင်ပါတယ်။
ဒါတင်မကပဲ အရက်နဲ့ မူးယစ် ဆေးဝါးကဲ့သို့ အရာတွေကို ရေရှည်အဆက်မပြတ် သုံးစွဲပြီး ရုတ်တရက် ဖြတ်လိုက်တဲ့အခါမှာ Withdrawal Symptoms တွေ အနေနဲ့ စိုးရိမ်စိတ် လွန်ကဲတာ၊ ကယောင်ခြောက်ခြား ဖြစ်တာ၊ မူးဝေ အော့အန်တာအပြင် တက်တာနဲ့ သတိလစ် မေ့မြောတာအထိ ခံစားရနိုင်ပါတယ်။ စွဲလမ်းမှုကြောင့် ခံနိုင်အားမြင့်တက်လာပြီး ပမာဏ ပိုသုံးမိချိန်မှာတော့ ဆေးပမာဏ လွန်ကဲစွာ သုံးစွဲမိပြီး သေဆုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။
စွဲလမ်းမှု (Addiction) ရဲ့ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုများ
စွဲလမ်းမှုနဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေဟာ များစွာ ဆက်စပ်နေသလို စိတ်ကျန်းမာရေး ပြဿနာတွေဟာလည်း စွဲလမ်းမှု (Addiction) နဲ့ မကင်းနိုင်တာတွေ ရှိနိုင်ပါတယ်။ အထူးသဖြင့် ဆေးဝါးတွေကို အရက်စွဲလမ်းမှုဟာ စိတ်ဓါတ်ကျခြင်းနဲ့ စိုးရိမ်ပူပန်မှု လွန်ကဲခြင်းကို ပိုဆိုးစေနိုင်သလို စိတ်အတက်အကျ ဖြစ်တာနဲ့ ဂဏှာမငြိမ် ဖြစ်တာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။
ဒါတင်မကပဲ စွဲလမ်းမှု (Addiction) ကို ခံစားရချိန်မှာ သတိမေ့တာ၊ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ မချနိုင်တာ၊ အာရုံစူးစိုက်မှု ကျဆင်းတာတွေ ဖြစ်နိုင်ပြီး ပိုဆိုးတဲ့ အခြေအနေအနေနဲ့ မရှိတာတွေကို အရှိမြင်တာ၊ ထင်ယောင်ထင်မှားဖြစ်တာတွေနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှု ကျဆင်းတာတွေကို ဖြစ်စေနိုင်ပါတယ်။ ကိုယ့်ကိုကိုယ် အဆုံးစီရင်ခြင်းနဲ့ နာကျင်စေခြင်း ကလည်း Addiction နဲ့ တနည်းတဖုံ ဆက်စပ်နေတာကို တွေ့ရပါတယ်။
စွဲလမ်းမှုကြောင့်ဖြစ်တဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေကို လျှော့ချနည်း
(၁) စိတ်ပိုင်းဆိုင်ရာ အကူအညီ ရယူပါ
စွဲလမ်းမှုတွေဟာ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကနေ ဆက်စပ်ဖြစ်တည်လာနိုင်သလို စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့်လည်း စွဲလမ်းမှုအထိ လုပ်ဖြစ်အောင် တွန်းပို့နေတာ ရှိနိုင်ပါတယ်။ ဒါ့ကြောင့် စွဲလမ်းမှုတွေကို သက်သာလျော့ပါးစေဖို့ စိတ်ပိုင်းဆိုင်ရာ အကူအညီဟာ မဖြစ်မနေ လိုအပ်ပါတယ်။ အထူးသဖြင့် မိမိရဲ့ စွဲလမ်းမှု အခြေအနေ အလိုက် ပညာရှင်နဲ့ သေချာ တိုင်ပင်ဆွေးနွေးဖို့ လိုသလို နည်းလမ်းမှန်မှန်နဲ့ ကုသဖို့ လိုမှာ ဖြစ်ပါတယ်။
(၂) လိုအပ်တဲ့ ကုသမှုတွေကို အချိန်မှီ ခံယူပါ
စွဲလမ်းမှုတိုင်းမှာ ရုပ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေက ဒွန်တွဲပါနေသလို အခြေအနေ မဆိုးခင် ဒါတွေကို ကုသဖို့ လိုပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ စွဲလမ်းမှုအလိုက် လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ၊ တိုင်ပင်ဆွေးနွေးမှုတွေ၊ လိုအပ်တဲ့ စစ်ဆေးမှုတွေကို အမြဲ ပြုလုပ်ရမှာ ဖြစ်ပြီး စွဲလမ်းမှုနဲ့ နောက်ဆက်တွဲ ပြဿနာတွေ ပိုမဆိုးအောင် ကာကွယ်ရမှာ ဖြစ်ပါတယ်။
(၃) မိသားစုနဲ့ ပတ်ဝန်းကျင်ဆီမှ စိတ်ပိုင်းဆိုင်ရာ ဖေးမမှု လက်ခံပါ
တစုံတခုကို စွဲလမ်းခြင်း (Addiction) ကို ကြုံတွေ့ရတဲ့အခါ ကိုယ့်ရဲ့ မိသားစု၊ ပတ်ဝန်းကျင်ရဲ့ စိတ်ပိုင်းဆိုင်ရာ ဖေးမကူညီမှုတွေကလည်း အရေးကြီးပါတယ်။ အထူးသဖြင့် ကုသမှု ခံယူနေချိန်၊ စွဲလမ်းမှုကနေ ရုန်းထွက်ဖို့ ကြိုးစားနေချိန်မှာ အခက်အခဲများစွာ ကြုံရနိုင်ပြီး တစ်ယောက်တည်း ရင်ဆိုင်ဖြေရှင်းတာမျိုး မလုပ်သင့်ပါဘူး။ မိသားစု၊ ချစ်ခင်ရသူတွေနဲ့ အတူတူ ရင်ဆိုင်ပြီး ကြံ့ကြံ့ခံရင်ဆိုင်ဖို့က ဒီခရီးစဥ်အတွက် ပိုလိုအပ်မှာ ဖြစ်ပါတယ်။
Addiction နဲ့ နောက်ဆက်တွဲ စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ကုသခြင်း ခရီးစဥ်ဟာ အချိန်ယူဖို့ လိုသလို နည်းလမ်းမှန်မှန်နဲ့ စိတ်ရှည်လက်ရှည် လျှောက်လမ်းရမှာ ဖြစ်ပါတယ်၊။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာ အကူအညီတွေကိုလည်း ယူဖို့ မတွန့်ဆုတ်သင့်သလို ရုပ်ပိုင်းဆိုင်ရာအားဖြင့်လည်း မိမိရဲ့ ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ အရေးကြီးကြောင်း မျှဝေလိုက်ရပါတယ်။
သင့်အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ရင်ဆိုင်နေရတယ်၊ စိတ်ပိုင်းဆိုင်ရာ အကူအညီ လိုအပ်တယ်ဆိုရင် Call Me Today မှတဆင့် ကျွမ်းကျင် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။
🌐 : https://app.callmetoday.org/book
☎️: 09-5131873