
Addiction (စွဲလမ်းခြင်း) ဆိုတာကတော့ အပြုအမူ တစ်ခုခု က မကောင်းမှန်း သိသည့်တိုင်အောင် ထပ်တလဲလဲ ပြုလုပ်ခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် စွဲလမ်းမှု ဟာ ဦးနှောက်ရဲ့ Reward System ကို ကြိမ်ဖန်များစွာ အသုံးပြုခြင်းဖြစ်တာကြောင့် ဖြတ်တောက်ရ ခက်တဲ့ အခြေအနေတစ်ခု လည်း ဖြစ်ပါတယ်။ ဥပမာအားဖြင့် မူးယစ်ဆေးဝါး စွဲတာ၊ အရက်စွဲတာ၊ ဂ်ိမ်းစွဲတာ စတာတွေဟာ Addiction လို့ပြောတဲ့ စွဲလမ်းခြင်း ပြဿနာတွေ ဖြစ်ပါတယ်။
စွဲလမ်းခြင်း ရဲ့ လက္ခဏာများ
(၁) ထိန်းချုပ်ရခက်ခဲခြင်း
အရက်သောက်တာ၊ ဆေးသုံးတာဟာ ခန္ဓာကိုယ်အတွက် ဆိုးကျိုးရှိမှန်း သိတယ်၊ ရေရှည် ကျန်းမာရေး ထိခိုက်မှာကို သိတယ် ဒါပေမယ့် ရပ်တန့်လို့ မရနိုင်ဘူး၊ ကိုယ့်ရဲ့ စိတ်ကိုလည်း ထိန်းချုပ်ရ ခက်ခဲတာကြောင့်် ဆက်ပြီး သုံးဖြစ်နေတယ် ဆိုရင် ဒါဟာ ကြိုက်လို့ သုံးတဲ့ အဆင့်ကနေ စွဲလမ်းလို့ သုံးဖြစ်တဲ့ အဆင့်ကို ရောက်နေပြီ ဖြစ်ပါတယ်။ အထူးသဖြင့် ပုံမှန်အတိုင်း မသုံးစွဲရတဲ့အခါမှာ တစ်ခုခု လိုနေသလို ခံစားရတာ၊ စွဲလမ်းတဲ့အရာကို ရယူနိုင်ဖို့ နည်းလမ်းစုံ ကြိုးစားတာ၊ ကိုယ့်ရဲ့ စွဲလမ်းမှုကို တားမြစ်တဲ့သူတွေ အပေါ် အမြင်မကြည်တာ စတာတွေ အထိ ဖြစ်လာနိုင်ပါတယ်။
(၂) စိတ်ဆန္ဒပြင်းထန်ခြင်း
တစုံတခုကို ကြိုက်လို့ ထပ်တလဲလဲသုံးခြင်းက ပုံမှန်ဆိုပေမယ့် Addiction အဆင့်အထိ ကူးပြောင်းသွားချိန်မှာတော့ စိတ်ဆန္ဒက မသုံးရမနေနိုင်အောင် ပြင်းထန်လာပြီး စိတ်ပိုင်းဆိုင်ရာ အားဖြင့် ရော ရုပ်ပိုင်းဆိုင်ရာအားဖြင့်ပါ မဖြစ်မနေ လိုလားတောင့်တတဲ့ အခြေအနေကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအချိန်မှာ စိတ်ပိုင်းဆိုင်ရာအားဖြင့် စိတ်ဓါတ်ကျတာ၊ ပျော်ရွှင်မှု ပျောက်ဆုံးတာ၊ အလိုလို ဝမ်းနည်းတာ၊ စိုးရိမ်စိတ် လွန်ကဲတာတွေ ဖြစ်လာနိုင်ပြီး စွဲလမ်းမှုတွေကို ပိုမို လုပ်ဖြစ်လာလေလေ အခြေအနေ ပိုဆိုးလေလေ ဖြစ်နိုင်ပါတယ်။
(၃) ခံနိုင်ရည်အားမြင့်တက်လာခြင်း
Addiction စွဲလမ်းတဲ့ အဆင့်မှာတော့ ကိုယ်စွဲလမ်းတဲ့ အပြုအမူ၊ တစုံတခုကို တဖြေးဖြေးချင်းတိုးပြီး တဆင့်ချင်းစီ သုံးလာရာကနေ ခံနိုင်ရည်အားမြင့်တက်လာပြီး ပိုပို သုံးကြည့်လိုတဲ့ စိတ်ဆန္ဒ ဖြစ်လာပြီး ထပ်တိုးသုံးဖြစ်တဲ့ အဆင့်အထိ ရောက်လာနိုင်ပါတယ်။ ဥပမာအားဖြင့် ဆေးကို ပမာဏတိုးတိုးပြီး သုံးဖြစ်လာပေမယ့် တူညီတဲ့ ခံစားမှု ရလဒ်တွေ ရတာ၊ အရက်ကို ပမာဏ တိုးသောက်ပေမယ့် မူးတဲ့ အဆင့်က ပိုမဆိုးတော့တာတွေ ဟာ Addiction အဆင့်ကို ရောက်နေပြီ ဖြစ်ကြောင်း ပြသနေတာ ဖြစ်ပါတယ်။
(၄) မသုံးစွဲရပါက ဆိုးကျိုးများ ခံစားရခြင်း
Addiction နဲ့ တွဲလာတတ်တာကတော့ Withdrawal Effect လို့ ပြောတဲ့ သုံးစွဲမှုကို ရပ်တန့်လိုက်ချိန်မှာ ကြုံတွေ့ရတဲ့ ဆိုးကျိုးတွေ ဖြစ်ပါတယ်။ စွဲစွဲလမ်းလမ်းနဲ့ တစ်ခုခုကို ဆက်တိုက်သုံးစွဲလာခဲ့ပြီးနောက် ရပ်တန့်လိုက်ချိန်မှာ ရုတ်တရက်ဆိုသလို နေမထိ ထိုင်မသာ ဖြစ်တာတွေနဲ့ တခြား စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။ များသောအားဖြင့် Addiction ကို ကုသနေချိန်မှာ Withdrawal Effects တွေကို သိသိသာသာ ခံစားရနိုင်ပြီး ဒီဆိုးကျိုးတွေကို ခံစားရမှာကို စိုးရိမ်တဲ့ စိတ်နဲ့ ဆက်လက် သုံးဖြစ်ရာကနေ စွဲလမ်းမှုကို အမြစ်ပျက် မကုသနိုင်သူလည်း များစွာ ရှိပါတယ်။
စွဲလမ်းမှုကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းများ
စွဲလမ်းမှုကို ဖြစ်စေနိုင်တဲ့ အချက်တွေထဲမှာ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာ တချို့လည်း ပါဝင်နိုင်ပါတယ်။ စွဲလမ်းစေတဲ့ အပြုအမူ ၊ အရာတွေဟာ ဦးနှောက်မှာ ဒိုပါမင်း (Dopamine) ဓါတ်ကို များစွာ ထုတ်လွှတ်ပေးနိုင်သလို နောက်ဆက်တွဲ အနေနဲ့ ထပ်တလဲလဲ လုပ်ဖြစ်ဖို့ကို ပိုမို တွန်းအားပေးတာကို တွေ့ရပါတယ်။ တချို့ကလည်း နဂို ခံစားနေရတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ထိန်းချုပ်ဖို့ ကြိုးစားရာကနေ တခုခုကို ရူးသွပ်စွာ စွဲလမ်းတဲ့ အဆင့်အထိ ရောက်တာမျိုးလည်း ရှိနိုင်ပါတယ်။ ဥပမာအားဖြင့် စိတ်ဓါတ်ကျခြင်း၊ စိတ်ပျက်အားငယ်ခြင်းနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှု ကျဆင်းမှုကို ခံစားရသူတွေမှာ အရက်နဲ့ ဆေးဝါးတွေကို စွဲလမ်းမှု ပိုများတာကို တွေ့ရတတ်ပါတယ်။
ဒါတင်မကပဲ ပတ််ဝန်းကျင် အနေအထားနဲ့ လူမှုပတ်ဝန်းကျင်ပေါ်မှာ မူတည်ပြီးတော့ တချို့မှာ စွဲလမ်းမှု ကို ပိုဖြစ်စေနိုင်တာလည်း ရှိပါတယ်။ ဥပမာအားဖြင့် ပတ်ဝန်းကျင်မှာ မူးယစ်ဆေးဝါးနဲ့ အရက်ကို အလွယ်တကူ ရရှိနေတာ၊ မိသားစုရဲ့ ပြုစုစောင့်ရှောက်မှုနဲ့ ဝေးကွာတာ စတာတွေကလည်း စွဲလမ်းမှုကို စိတ်ဖြေရာဖြစ်စေနိုင်သလို တချို့ကလည်း ငယ်စဥ်ဘဝက စိတ်ဒဏ်ရာတွေကို ဖြေဖျောက်ဖို့အတွက် တစုံတရာကို အလွန်အမင်း စွဲလမ်းတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
စွဲလမ်းမှုတွေကို ကုသနိုင်တဲ့ နည်းလမ်းများ
စွဲလမ်းမှုကို ကုသဖို့အတွက် အရေးကြီးဆုံးကတော့ ဒီဆုံးရှုံးမှု ကို ဖြစ်စေနိုင်တဲ့ အဓိက ပြဿနာ ၊ အကြောင်းရင်းတွေကို ရှာဖွေပြီး ဖယ်ရှားရမှာ ဖြစ်သလို စွဲလမ်းမှုကို ပိုဆိုးစေနိုင်တဲ့ အချက်များ (Triggers) တွေကိုပါ ရှောင်ရှားရမှာ ဖြစ်ပါတယ်။ စွဲလမ်းမှုကို တခြားသော ကျန်းမာစေမယ့် နည်းလမ်းတွေနဲ့ အစားထိုးခြင်း၊ သေချာ စနစ်တကျ စီစဥ်ပြီး စွဲလမ်းမှုကို ကုသနည်းတွေကို တဆင့်ချင်းစီ ပြုလုပ်ဖို့ လိုမှာ ဖြစ်ပါတယ်။ လိုအပ်တယ်ဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူ ဒါမှမဟုတ် ပညာရှင်တစ်ဦးဦးရဲ့ အကူအညီလည်း ယူရတာလည်း ရှိနိုင်ပါတယ်။
သင့်အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ရင်ဆိုင်နေရတယ်၊ စိတ်ပိုင်းဆိုင်ရာ အကူအညီ လိုအပ်တယ်ဆိုရင် Call Me Today မှတဆင့် ကျွမ်းကျင် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။
🌐 : https://app.callmetoday.org/book
☎️: 09-5131873