
အိမ်ထောင်သည်ဘဝမှာ ဇနီးမောင်နှံတွေဟာ နှစ်ဦးသဘောတူ ဆုံးဖြတ်ချက်တွေကို အတူချမှတ်ကြပြီး အစစအရာရာမှာ အတူတကွ လျှောက်လမ်းဖြစ်ကြတဲ့ အနေအထားတခု ဖြစ်ပါတယ်။ ဒီလို အနေအထားတခုကနေ ကွာရှင်းပြတ်စဲဖို့ ဖြစ်လာတဲ့အခါမှာ ကိုယ့်ရဲ့ ကိုယ်ပိုင်ဘဝကို ပြန်လည်ရှာဖွေခြင်း (self-discovery) အားဖြင့် ကိုယ့်ကိုကိုယ် ယုံကြည်မှု မြှင့်တင်ဖို့ လိုအပ်လာတာကြောင့် ကိုယ့်ကိုကိုယ် ရှာဖွေနိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။
(၁) ကိုယ့်ကိုကိုယ် ချစ်ခင်ကြင်နာပါ
လမ်းခွဲပြီးနောက်မှာ self-compassion လို့ခေါ်တဲ့ မိမိကိုယ်ကို ချစ်ခင်ကြင်နာမှုကို မွေးမြူဖို့ လိုအပ်ပါတယ်။ ကိုယ့်မိတ်ဆွေ သူငယ်ချင်း တစ်ယောက်ရဲ့ ခက်ခဲတဲ့ အချိန်မှာ အတူတူ ရှိပေးသလိုမျိုး သင်ကိုယ်တိုင် အတွက်လည်း အချိန်ပြည့် ကိုယ်တိုင် အသင့်ရှိပေးဖို့ လိုပါတယ်။ ကိုယ့်ကိုကိုယ် အပြစ်တင် နေမယ့် အစား ကိုယ့်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေနဲ့ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ အားနည်းချက်တွေကို ကိုယ်တိုင်ပြန်လည် ဖြည့်ဆည်းဖို့ လိုအပ်နိုင်ပါတယ်။
(၂) ကိုယ့်ရဲ့ ဖြစ်တည်မှုကို ပြန်လည် အသက်သွင်းပါ
လူတိုင်းမှာ ကိုယ့်ရဲ့ ဝါသနာ၊ ရူးသွပ်မှုတွေနဲ့ ကိုယ်လုပ်ချင်တဲ့အရာတွေ ရှိပါတယ်။ အိမ်ထောင်သည် ဘဝမှာ အများစုက ဒါတွေကို မေ့လျော့ထားပြီး နှစ်ဦးအတွက် ညှိနှိုင်းရမယ့် အရာတွေကိုသာ လုပ်ဖြစ်ကြပါတယ်။ တစ်ကိုယ်တည်းဘဝကို ပြန်လည်ရောက်ရှိလာချိန်မှာ ကိုယ့်ရဲ့ တစ်ဦးတည်း ဖြစ်တည်မှု၊ အစွမ်းအစ၊ ကိုယ့်ရဲ့ ဆန္ဒတွေကို ပြန်လည် အသက်သွင်းဖို့ အခွင့်အရေးကို ပြန်လည် ရရှိသွားတယ်လို့ ပြောနိုင်ပါတယ်။
(၃) ကိုယ်ပိုင် ပန်းတိုင်တချို့ ချမှတ်ပါ
ကွာရှင်းပြတ်စဲပြီးနောက်မှာ အရင်က နှစ်ဦးသဘောတူ တည်ဆောက်ရမယ့် အနာဂတ်အစား ကိုယ်ပိုင်လွတ်လပ်စွာ တည်ဆောက်မယ့် ကိုယ့်ရဲ့ အနာဂတ်အတွက် သီးသန့်အချိန်ပေးနိုင်မယ့် အချိန်ဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်အတွက် ကိုယ်စွမ်းနိုင်သလောက် ပန်းတိုင်အသေးလေးတွေ ချမှတ်ပြီး ဖြေးဖြေးချင်းလုပ်ဆောင်သွားပါ၊ အသစ်အသစ်တွေကို သင်ယူပါ၊ ကိုယ့်ရဲ့ အောင်မြင်မှု အသေးလေးတွေကို ကိုယ်တိုင်ချီးကျုး ဂုဏ်ပြုပါ၊ ဒါဟာ ကိုယ်ပိုင်ဘဝကို ရှာဖွေနိုင်ဖို့ ကူညီနိုင်မှာ ဖြစ်ပါတယ်။
(၄) ကိုယ်ပိုင် အချိန်ပေးပါ
အရင် အိမ်ထောင်သည်ဘဝမှာ တခြားသူတစ်ယောက်အတွက် ရှိပေးခဲ့တဲ့ အချိန်တွေက ကွာရှင်းပြီးနောက်မှာ ကိုယ်ပိုင်အချိန်အဖြစ် အပြည့်အဝပေးနိုင်ပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ ကိုယ်ပိုင် အချိန်မှာ ကိုယ့်ရဲ့ ကျန်းမာရေးကို ဂရုစိုက်ပါ၊ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို လျှော့ချပါ၊ ကိုယ့်အတွက် ဘဝတိုးတက်စေမယ့် တခုခုကို သင်ယူပါ၊ ကိုယ်လုပ်ချင်ခဲ့ပေမယ့် အချိန်မပေးနိုင်ခဲ့တဲ့ အရာတွေကို ဖြစ်အောင် လုပ်နိုင်မယ့် အခွင့်အရေး ဖြစ်ပါတယ်။
(၅) ချစ်ရသူတွေနဲ့ အတူရှိပေးပါ
ကိုယ့်ကိုကိုယ် ပြန်လည်ရှာဖွေတဲ့ ခရီးစဥ်မှာ ကိုယ့်ကိုနားလည်ပေးနိုင်မယ့် မိတ်ဆွေသူငယ်ချင်း၊ ကိုယ့်ကို ကူညီပေးနိုင်မယ့် တစုံတယောက်၊ ကိုယ်လိုအပ်ချိန် အနားမှာ အမြဲရှိပေးနိုင်မယ့် မိသားစုဝင် တဦးဦးကလည်း လိုအပ်ပါတယ်။ ဒီလို လူတွေနဲ့ အတူ ရှိနေချိန်ဟာ ကိုယ့်အတွက် စိတ်ပိုင်းဆိုင်ရာ နွေးထွေးလုံခြုံမှုကို ရနိုင်သလို စိတ်ခံစားချက်တွေကိုလည်း သက်သာစေမယ့်အပြင် ရှေ့ဆက်မယ့် ခွန်အားတွေကိုပါ အရယူနိုင်မှာ ဖြစ်ပါတယ်။
ကွာရှင်းပြတ်စဲခြင်းဟာ ဘဝရဲ့ ကြီးမားတဲ့ အပြောင်းအလဲတခုဆိုပေမယ့် ကိုယ်ပိုင်ဘဝကို ရှာတွေ့နိုင်မယ့် လမ်းစ တခုလည်း ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ကိုယ့်ကိုကိုယ် ယုံကြည်လေးစားမှုတွေကို ပြန်လည် မြှင့်တင်မယ်၊ ယုံကြည်မှု ပိုရှိလာအောင် ကြိုးစားမယ်၊ ကိုယ်ပိုင်ဘဝနဲ့ ရောင့်ရဲပျော်ရွှင်မှုကို ဖန်တီးမယ် ဆိုရင် ပိုမို အဓိပ္ပါယ်ပြည့်ဝတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်လာနိုင်မှာ ဖြစ်ကြောင်း မျှဝေလိုက်ရပါတယ်။
သင့်အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေခံစားနေရတယ်ဆိုရင် Call Me Today မှတဆင့် ကျွမ်းကျင် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။
🌐 : https://app.callmetoday.org/book
☎️: 09-5131873