
ကွာရှင်းပြတ်စဲခြင်းနဲ့ ပတ်သက်လာရင် လူမှုအသိုင်းအဝိုင်းက ဒါကို အမည်းစက်၊ အားနည်းချက်တခု အနေနဲ့ သတ်မှတ်လေ့ရှိကြသလို ကာယကံရှင်တွေ အနေနဲ့လည်း ပတ်ဝန်းကျင်နဲ့ မိသားစုကပေးတဲ့ ဖိအားများစွာကို ရင်ဆိုင်ရလေ့ရှိပါတယ်။ ဒီဖိအားတွေကို တွန်းလှန်ဖို့ ကြိုးစားရာကနေ နှစ်ဦးလုံးမှာ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေ များစွာ ဖြစ်လာနိုင်တာကြောင့် ဒါတွေကို ကျော်လွှားနိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။
ကွာရှင်းပြတ်စဲခြင်းနဲ့ ပတ်သက်တဲ့ စိန်ခေါ်မှုများ
(၁) ယဥ်ကျေးမှုဆိုင်ရာ စံသတ်မှတ်ချက်များ
တချို့သော လူမှု အသိုင်းအဝိုင်းတွေရဲ့ လက်ခံမှုအရ လက်ထပ်ခြင်းဟာ ဘဝတစ်သက်စာအတွက် ကတိကဝတ်တခု ဖြစ်တယ်၊ ကွာရှင်းပြတ်စဲတယ် ဆိုတာကတော့ ဒီကတိကဝတ်ကို ဖောက်ဖျက်ခြင်း ဖြစ်တယ်၊ စသဖြင့် ယူဆကြလေ့ ဖြစ်ပါတယ်။ အထူးသဖြင့် ကွာရှင်းပြတ်စဲခြင်း ပြုလုပ်တဲ့ အမျိုးသမီးတွေကို ပတ်ဝန်းကျင်က ကဲ့ရဲ့ အပြစ်တင်တာတွေ၊ စောင်းမြောင်းပြောဆိုတာတွေနဲ့ သနားကြင်နာတာ စတဲ့ အပြုအမူတွေနဲ့ တုန့်ပြန်လေ့ ရှိကြပါတယ်။
(၂) မိသားစုရဲ့ ဖိအား
များသောအားဖြင့် လက်တွဲဖြုတ်ဖို့ ကြိုးစားကြတဲ့ စုံတွဲတွေဟာ အတူနေ မိသားစုရဲ့ ဖိအားတွေကြောင့် အခက်အခဲ များစွာကို ရင်ဆိုင်ကြရပါတယ်။ များသောအားဖြင့် လူတွေရဲ့ အမြင်က ကွာရှင်းပြတ်စဲခြင်းဟာ အရှက်ရစေတဲ့ လုပ်ရပ်ဖြစ်တယ်၊ လူမှုပတ်ဝန်းကျင်မှာ လူအများ မနှစ်မြို့တဲ့ အခြေအနေ ဖြစ်တာကြောင့် မိသားစုတွင်း အရှက်ရစေတယ် စသဖြင့် ယူဆကြပါတယ်။ ဒါကြောင့်ပဲ ကွာရှင်းပြတ်စဲ ခြင်း မပြုလုပ်ဖို့ တားမြစ်ကြတာကြောင့် ကာယကံရှင်တွေအတွက် ဒါဟာ စိန်ခေါ်မှု သဖွယ် ဖြစ်နေနိုင်ပါတယ်။
(၃) ခွဲခြားဆက်ဆံခံရခြင်း
တခါတရံမှာ ကွာရှင်းပြတ်စဲခြင်း ပြုလုပ်တဲ့ ဇနီးမောင်နှံတွေ ၊ မိသားစု တွေ နဲ့ ကလေးတွေကို ပတ်ဝန်းကျင် အနေနဲ့ ခွဲခြားဆက်ဆံတာတွေ၊ အပြစ်တင်တာတွေ ပြုလုပ်ကြလေ့ ရှိပါတယ်။ တခါတရံ ဖောက်ပြန်မှုကြောင့် အစတည်လာတဲ့ ကွာရှင်းပြတ်စဲ မှုတွေမှာလည်း ခံရသူကို အပြစ်တင်တာတွေ ၊ အတင်းပြောဆိုတာတွေ ရှိနိုင်ပြီး ဒါဟာ ကာယကံရှင်အတွက် နောက်ဆက်တွဲ ဆိုးကျိုးများစွာ ကြုံလာနိုင်ပါတယ်။
ပတ်ဝန်းကျင်နဲ့ မိသားစုရဲ့ ဖိအားတွေကို ရင်ဆိုင်ကျော်လွှားနည်း
(၁) ကိုယ့်ရဲ့ ခံစားချက်တွေကို လက်ခံအသိအမှတ်ပြုပါ
ကွာရှင်းပြတ်စဲခြင်း ကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်တဲ့ အရှက်ရခြင်း၊ စိုးရိမ်ပူပန်ခြင်း ၊ အပြစ်တင်လိုစိတ်များခြင်း၊ ကိုယ့်ကိုကိုယ် အပြစ်တင်မိခြင်း စတဲ့ ခံစားချက်တွေ ခံစားနေရတယ်ဆိုရင် ပထမဆုံး အနေနဲ့ ဒီခံစားချက်တွေကို လက်ခံပြီး အသိအမှတ်ပြုဖို့ လိုပါတယ်။ ဒါမှသာ ဒီခံစားချက်တွေကို လျော့ပါးသက်သာစေမယ့် နည်းလမ်းတွေကို နောက်တဆင့် အနေနဲ့ ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။
(၂) ကိုယ်ပိုင် ဆုံးဖြတ်ချက်ကို အလေးပေးပါ
များသောအားဖြင့် လမ်းခွဲခြင်း ဟာ နှစ်ဦးသဘောတူ ဆုံးဖြတ်ကြရတာဖြစ်တာကြောင့် ကိုယ့်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်လည်း တပိုင်းတစ ပါဝင်တယ်လို့ ပြောနိုင်ပါတယ်။ ရှေ့ဆက်မဖြစ်နိုင်တဲ့ အိမ်ထောင်ရေးတခုကို အဆုံးသတ်ဖို့ ဆုံးဖြတ်ပြီးပြီဆိုရင် ဒီဆုံးဖြတ်ချက်ကို ကိုယ်တိုင် လေးစား အလေးထားဖို့ လိုသလို ပတ်ဝန်းကျင်ရဲ့ ဖိအားကြောင့် ကိုယ့်ဘဝရဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို လျစ်လျုမရှုတတ်ဖို့ အရေးကြီးပါတယ်။
(၃) မိသားစုနဲ့ စည်းဘောင်တချို့ သတ်မှတ်ပါ
ကွာရှင်းပြတ်စဲ မှုနဲ့ ပတ်သက်ပြီး မိသားစုရဲ့ လွှမ်းမိုးမှုနဲ့ ဖိအားတွေကို ရင်ဆိုင်ရတဲ့အခါမှာ ကာယကံရှင်အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာ များစွာ ခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် ဒီလို အခြေအနေမှာ မိသားစုရဲ့ ကန့်သတ်ချုပ်ခြယ်မှုတွေကို အသေးစိတ်ကအစ လိုက်မခံစားမိဖို့ လိုပါတယ်။ မိသားစုရဲ့ အကြံပေးချက်တွေကိုလည်း အတိုင်းအတာ တခုအထိ လက်ခံသင့်တယ် ဆိုပေမယ့် ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ကို မိသားစုထံ ရှင်းရှင်းလင်းလင်း အသိပေးပြီး ရှင်းပြဖို့ လိုပါတယ်။
(၄) ကိုယ်ပိုင်ဘဝကို တည်ဆောက်ပါ
ဇနီးမောင်နှံ နှစ်ဦး လက်တွဲဖြုတ်ပြီးနောက်မှာ ကိုယ်ပိုင်ဘဝကို ကိုယ်စီလျှောက်လှမ်းကြဖို့ ရွေးချယ်ကြတာ ဖြစ်တာကြောင့် ဒီအချိန်မှာ ကိုယ်ပိုင်ဘဝကို အာရုံစိုက်ဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် ရှေ့ဆက်ရမယ့် ကိုယ့်ရဲ့ ကိုယ်ပိုင်ဘဝအတွက် အစီအစဥ်ဆွဲတာ၊ ကိုယ့်ရဲ့ လွတ်လပ်တဲ့ နေထိုင်မှုအတွက် ကိုယ့်ရဲ့ ဆန္ဒတွေကို ပုံဖော်တာ ပြုလုပ်ပေးဖို့ လိုပါတယ်။ ဒါဟာ တနည်းအားဖြင့် ကွာရှင်းပြတ်စဲ ခြင်းရဲ့ နောက်ဆက်တွဲ ပြဿနာတွေထက် အကောင်းဘက်ကနေ စိတ်သက်သာရာရှာတဲ့ နည်းလမ်းတခုလည်း ဖြစ်ပါတယ်။
(၅) အကူအညီ ရယူပါ
တကယ်လို့ လမ်းခွဲပြီးနောက် ကြုံတွေ့ရတဲ့ အခက်အခဲ ပြဿနာနဲ့ ပတ်ဝန်းကျင်ရဲ့ ဖိအားတွေက ကိုယ့်အတွက် သက်ရောက်မှုအားကြီးတယ်၊ ဒါတွေကို တဦးတည်း ရင်ဆိုင်ဖြေရှင်းဖို့ မလွယ်ကူဘူးဆိုရင်တော့ လိုအပ်တဲ့ အကူအညီ ယူရမှာ ဖြစ်ပါတယ်။ ကိုယ့်ကို နားလည်ပေးနိုင်မယ့် မိတ်ဆွေ သူငယ်ချင်းကို အကူအညီတောင်း ရင်ဖွင့်ပြောဆိုတာ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ အကူအညီပေးနိုင်တဲ့ ပညာရှင်တစ်ယောက်ကို တိုင်ပင်ဆွေးနွေးတာတွေ ပြလုပ်သင့်ပါတယ်။
သင့်အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေခံစားနေရတယ်ဆိုရင် Call Me Today မှတဆင့် ကျွမ်းကျင် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။
🌐 : https://app.callmetoday.org/book
☎️: 09-5131873